ထားဝယ်၊ မေ ၁၈
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၆ ရက် မနက် ၁၀ နာရီခွဲအချိန်ခန့်မှာ စကခ ၈ ဌာနချုပ်အတွင်းရှိ အရာရှိတွေ စုဝေးရောက်ရှိရာနေရာနဲ့ Mi-2 ရဟတ်ယာဉ် နှစ်စီး ရပ်နားထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံး ၈ လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေ အ သေးစိတ် မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူးကိုရန်နိုင်ကတော့ စကခ ၈ ဌာနချုပ် တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ ပစ်မှတ်နေရာတွေကို ဗုံးသီးကျရောက်ပေါက်ကွဲတာရှိပေမယ့် ထိခိုက်သေဆုံးမှု စုံစမ်းနေဆဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စကခ ၈ ဌာနချုပ်ကနေ အနီးပတ်ဝန်းကျင်ကျေးရွာတွေထဲကို လက် နက်ကြီး ၁၂၀ မမ ရမ်းသမ်းပစ်ခတ်တာအပြင် Mi-2 ရဟတ်ယာဉ်တစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက် ခိုက်သွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း တပ်ခွဲ ၄ KBDF ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ် ၁ တပ် ရင်းမှ Sky Ghost Drone Force၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ T5 Wings၊ TPLF ဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်းတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့ကလည်း ထားဝယ်အခြေစိုက် စကခ ၈ ဌာနချုပ်ကို ဖက်ဆစ်တော်လှန် ရေးနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF