ကော့ကရိတ်၊ မေ ၁၈
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဘုရားကြီးကျေးရွာထဲကို စစ်ကောင်စီ စစ်သင်္ဘောကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က ဂျိုင်းမြစ်အတွင်းမှာ ရှိနေတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးတစ်လုံး ရမ်းသမ်းပစ်ခတ်ရာကနေ ဘုရားကြီးကျေးရွာရှိ ရွှေ့ပြောင်းအလုပ်သ မားတွေနေထိုင်ရာ ဇီးကုန်းပိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ နေရာမှာပဲ သေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးမှာလည်း ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်သင်္ဘောလက်နက်ကြီး ပစ်ခတ်မှုအတွင်း နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ခြေထောက်ပြတ်တောက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကိုတော့ ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကော့ကရိတ်မြို့နယ် ကော့ဘိန်ရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဂျိုင်းမြစ်ဒေသတွေမှာ ကြည်းကြောင်း၊ ရေကြောင်းနဲ့ စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေး ရွာတွေထဲ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတာပါ။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ဂျိုင်းမြစ်ဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်း ဒေသခံပြည်သူ တစ်သိန်းကျော်ထိ နေရပ်စွန့်ခွာခဲ့ရပြီး စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ