မော်စကို၊ မေ ၁၈

ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ခါကိဗ်ကို အသည်းအသန် တိုက်ခိုက်နေပေမယ့် လောလောဆယ် သိမ်းယူဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့အချိန်မှာ အဲဒီလိုအစီအစဉ်မရှိသေးတဲ့အကြောင်း တရုတ် ခရီးစဉ်အဆုံးသတ်မှာ ပူတင်က ပြောဆိုခဲ့တာပါ။

ရုရှားနယ်စပ်ဒေသအတွက် လုံခြုံရေးဇုန်ဖန်တီးရေး ခါကိဗ်မြို့ အရှေ့မြောက်ပိုင်းကို ရုရှားတပ်တွေက ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သမ္မတပူတင်က ပြောပါတယ်။

ပူတင်က အလားတူဇုန်မျိုး ဖန်တီးဖို့အရင်ကလည်း ပြောဆိုခဲ့ဖူးပေမယ့် သူ့ရဲ့ လူသိရှင်ကြားပြောဆိုမှုတွေက ယူကရိန်းမှာ ရုရှားတပ်တွေရဲ့ လုပ်ရပ်နဲ့ မသက်ဆိုင်သလို ဖြစ်နေပါတယ်။

သူက ယူကရိန်းကို အင်အားအပြည့် မကျူးကျော်ခင်ကလည်း တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာမရှိဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

ယူကရိန်းက ရှေ့တန်းမျက်နှာစာကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ပေမယ့် ရုရှားက နယ်စပ်ကျေးရွာ တချို့ကို သိမ်းပိုက်ထားတယ်လို့ ဝန်ခံထားပါတယ်။

ရုရှားတပ်တွေက အဲဒီဒေသမှာ ပြီးခဲ့တဲ့သီတင်းပတ်က ထိုးစစ်ဆင်မှု စတင်ခဲ့တာ ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ရုရှားက ထိုးစစ်ဆင်နေပေမယ့် အဲဒီဒေသမှာရှိတဲ့ ခံစစ်ကြောင်း သုံးခုထဲက ပထမဆုံးခံစစ်ကြောင်းကိုပဲ ထိုးဖောက်နိုင်သေးတယ်လို့ ယူကရိန်းသမ္မတ ဗိလိုဒီမာ ဇီလန်စကီးက မေ ၁၇ ရက်မှာ ပြောပါတယ်။

လူဦးရေ ၁ ဒဿမ ၄ သန်းရှိတဲ့ ခါကိဗ်မြို့ကို ရုရှားက ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောထားပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူသေဆုံးမှု အများဆုံးဖြစ်ပြီး သုံးနှစ်ကြာလာပြီ ဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲဟာ မကြာခင် ပြီးဆုံးသွားနိုင်တဲ့ လက္ခဏာ တစ်ခုမှ မတွေ့ရသေးပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.