ဘန်ကောက်၊ မေ ၁၇

ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာ လျှောက်ထားလိုသူတွေအနေနဲ့ နိုင်ငံပြင်ပကနေသာ လျှောက်ထားရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားဗီဇာ ထုတ်ပေးမှုမရှိဘူးဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ပညာရေးဆိုင်ရာ ဗီဇာထုတ်ပေးမှုနဲ့ ပတ်သက်လို့ ကန့်သတ်တားမြစ်ထားတာ မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မေ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းမှာ ပညာရေးဆိုင်ရာ ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ် အပြောင်းအလဲရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ပြီးနောက်မှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရန်ကုန် ထိုင်းသံရုံးရှေ့က ဗီဇာတန်းစီကြသူများ

စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေသူ အများအပြားဟာ မြို့ပြတွေကနေ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ ထွက်ပြေးကြတာ ဒါမှမဟုတ် နိုင်ငံပြင်ပကို တိမ်းရှောင်ကြတာတွေ ရှိနေပါတယ်။

ထိုင်းဘာသာစကား သင်တန်းကျောင်းတွေမှာ တက်ရောက်ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းက ပညာရေးဆိုင်ရာ ဗီဇာ မထုတ်ပေးတော့ဘူးဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းကြောင့် ထိုင်းအစိုးရက မြန်မာနိုင်ငံသားတွေ သူတို့နိုင်ငံထဲ အစုလိုက်အပြုံလိုက် ဝင်မလာအောင် လုပ်ဆောင်တာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးအရာရှိတွေကတော့ ထိုင်းမှာ ပညာလာသင်မယ့် မြန်မာနိုင်ငံသားတွေအတွက် ဗီဇာ ထုတ်ပေးတဲ့ စနစ်က အပြောင်းအလဲ မရှိဘူးလို့ ပြောပါတယ်။

လိုအပ်တဲ့ စာရွက်စာတမ်းအားလုံး ပြည့်စုံရင် ဗီဇာအားလုံး လျှောက်ထားလို့ ရတယ်လို့ ထိုင်းသံရုံးက ပြောပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တက်ရောက်ဖို့ စာရင်းသွင်းထားကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာ လျှောက်ထားမှုတွေကို ထိုင်း လူဝင်မှုကြီးကြပ်ရေးက ပယ်ချနေတယ်လို့ ထိုင်းနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေ၊ ဗီဇာ ဝန်ဆောင်မှု အကျိုးဆောင်တွေနဲ့ စာသင်ကျောင်းတွေက ပြောပါတယ်။

ရန်ကုန် ထိုင်းသံရုံးရှေ့က ဗီဇာတန်းစီကြသူများ

မြန်မာနိုင်ငံသားတွေဟာ ထိုင်းကို ခရီးသွားဗီဇာနဲ့ လာရောက်ပြီး တစ်နှစ်သက်တမ်းရှိတဲ့ ကျောင်းသားဗီဇာ လျှောက်ထားဖို့ ထိုင်းဘာသာစကား သင်တန်းကျောင်းတွေ အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်းတွေနဲ့ တခြားဘာသာစကား သင်တန်းကျောင်းတွေကို အသုံးချနေကြတာ ကြာပြီလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ တချို့ တက္ကသိုလ်တွေက ကျောင်းပရိုဂရမ်အပေါ် အခြေခံပြီး လေးနှစ်သက်တမ်းရှိတဲ့ ဗီဇာ လျှောက်ထားဖို့ ထောက်ခံပေးနေတယ်လို့ သိရပါတယ်။

ထိုင်းမှာ နိုင်ငံတကာကျောင်းသား ၃၄၀၀၀ ကျော်ရှိပြီး ၂၁၀၀၀ ဟာ တရုတ်ကျောင်းသားတွေ ဖြစ်ပါတယ်။

ဒုတိယ အများဆုံးကတော့ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ၃၇၀၀ ကျော် ရှိတယ်လို့ ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေ အရသိရပါတယ်။

Ref:RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.