ဖာပွန်၊ မေ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။

မေ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၄၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဖာပွန်ခရိုင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ဘက်က ဝေဟင်စစ်ဆင်ရေးအဖြစ် ဂျက်တိုက်လေယာဉ်၊ ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို နေ့စဉ်လိုလို တမင်ရည်ရွယ်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ့နေအိမ် ၁၅ လုံးနဲ့ စပါးကျီ ၁ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

လက်ရှိမှာ ဖာပွန်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ဖာပွန်စစ်ဗျူဟာနဲ့ အခြားတပ်ရင်းတွေကို KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့က ဆက်လက်ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ကလည်း ဗျူဟာစခန်းတွေ မကျစေရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နေ့စဉ် လာရောက်တိုက်ခိုက်နေတဲ့အတွက် ဖာပွန်မြို့နဲ့ အနီးနားကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာနေရာတွေမှာ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖာပွန်မြို့ကို KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လက စတင်ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ် လက်အောက်ခံ ခလရ ၁၉ ၊ ခမရ ၄၃၄ စတဲ့ တပ်ရင်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကာ ကျန်ရှိနေတဲ့ ဗျူဟာတွေနဲ့ တပ်ရင်းတွေကို ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG
ပုံစာ – ဖာပွန်‌အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၉ ခြေလျင်တပ်ရင်းအား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.