ဖနွမ်းပင်၊ မေ ၁၄

နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး၊ စစ်ရေးအတွေ့ အကြုံ ဖလှယ်ရေးအတွက် ရည်ရွယ်ကာ တရုတ်နဲ့ ကမ္ဘောဒီးယားတို့ရဲ့ နှစ်စဉ် ရွှေနဂါးစစ်ရေး လေ့ကျင့်မှုကို အခုသီတင်းပတ်မှာ စတင်ပြုလုပ်သွားမယ်လို့ ကမ္ဘောဒီးယား အရာရှိတစ်ဦးက မေ ၁၃ ရက်နေ့မှာ ပြောကြားပါတယ်။

ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၃၁၅ ဦးနဲ့ တရုတ် တပ်ဖွဲ့ဝင် ၇၆၀ ဦးတို့ဟာ တရုတ်စစ်သင်္ဘော ၃ စီး၊ ကမ္ဘောဒီးယား စစ်သင်္ဘော ၁၁ စီးတို့နဲ့ အတူ ၁၅ ရက်ကြာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်သွန်ဆိုလီမိုက သတင်းထောက်တွေကို ပြောကြားပါတယ်။

မေ ၁၆ ရက်မှာ စတင်မယ့် စစ်ရေးလေ့ကျင့်မှုတွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ဖို့၊ ဒေသတွင်းနဲ့ နှစ်နိုင်ငံ လူသားချင်းစာနာထောက်ထားရေး အခြေအနေတွေအတွက် ကူညီပေးနိုင်ရေး ရည်ရွယ်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကမ္ဘောဒီးယားက အမေရိကန်နဲ့ ပြုလုပ်ခဲ့တဲ့ အလားတူ စစ်ရေး လေ့ကျင့်မှုတွေကို ရပ်တန့်ခဲ့ပြီးနောက် မကြာခင်မှာပဲ တရုတ်နဲ့ ရွှေနဂါး နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကို ၂၀၁၆ ဒီဇင်ဘာက စတင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီယားနဲ့ မိမိတို့ကြား ခင်မင်ရင်းနီးမှုဟာ အရမ်းခိုင်မာ အားကောင်းတယ်လို့ တရုတ်က ပြောပါတယ်။

အရှေ့တောင်အာရှမှာ ကမ္ဘောဒီးယားဟာ တရုတ်ရဲ့ အနီးကပ်ဆုံး မဟာမိတ်ဖြစ်ပြီး ကမ္ဘောဒီးယား စီးပွားရေးကို တရုတ်က အများကြီး သြဇာလွှမ်းမိုးထားသလို တရုတ်ဟာ သူတို့အတွက် အရေးအကြီးဆုံး မဟာမိတ် ဖြစ်ပါတယ်။

ကမ္ဘောဒီးယားမှာ တရုတ်ရန်ပုံငွေ စိုက်ထုတ်ပေးထားတဲ့ စီမံကိန်းတွေ အများကြီး ရှိနေပြီး လေဆိပ်နဲ့လမ်းတွေလို အခြေခံ အဆောက်အဦ စီမံကိန်းတွေရှိပြီး ဟိုတယ်တို့လို ပုဂ္ဂလိကစီမံကိန်းတွေလည်း အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံခြားသို့ ပေးချေရမယ့် ကမ္ဘောဒီးယားရဲ့ ကြွေးမြီ ဒေါ်လာ ၁၀ ဘီလီယံထဲက ၄၀ ရာခိုင်နှုန်းဟာ တရုတ်ကို ပြန်ဆပ်ရမယ့် ငွေတွေဖြစ်ပါတယ်။

ကမ္ဘောဒီးယားက ဗီယက်နမ်ဆိပ်ကမ်းတွေကို ဖြတ်သန်းပြီး သင်္ဘောတွေ ခုတ်မောင်းနေရတဲ့ အရေအတွက်ကို လျှော့ချရေး တရုတ် အကူအညီနဲ့ တူးမြောင်းတည်ဆောက်ဖို့ စီစဉ်နေတာကြောင့် စီးပွားရေးအရရော စစ်ရေးအရပါ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

အဲဒီတူးမြောင်း တည်ဆောက်ပြီးရင်တော့ တရုတ်ဟာ ဗီယက်နမ် တောင်ဖက် ကမ်းရိုးတန်းအနီးအထိ သူတို့ရဲ့ စစ်တပ်တွေကို အလွယ်တကူ ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.