လောက်ကိုင်၊ မေ ၁၃
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က မေ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို MNDAA က လိုအပ်တဲ့ ဆေးဝါးကုသမှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစစ်သုံ့ပန်းတွေကို လိုအပ်တဲ့ဆေးဝါး စောင့်ရှောက်မှုနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်ပြီးနောက် မေ ၁၀ ရက်နေ့မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်ဒေသမှာတော့ စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MNDAA