ဘုတ်ပြင်း၊ မေ ၁၃
စစ်ရေးအရအရေးပါတဲ့ တနင်္သာရီမြို့နဲ့ဘုတ်ပြင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့ ၁၀၂၀ ပွိုင့် စခန်းကုန်းမှ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ BLACK CORBA COLUMN ထံက သိရပါတယ်။
ဘုတ်ပြင်းမြို့ အခြေစိုက် စကခ (၁၃) လက်အောက်ခံ ခမရ (၅၅၅)၊ (၅၅၉) နဲ့ (၄၃၂) တို့ ပူးပေါင်းတပ်စွဲထားတဲ့ အဲဒီစခန်းကို တော်လှန်ရေးအင်အားစု ပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကစပြီး ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။
စခန်းမကျစေရေးအတွက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူဖြင့် အပြင်းအထန်ခုခံနေတဲ့ကြားမှ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေရဲ့ ၁၂ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ၁၀၂၀ ပွိုင့်စခန်းကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားပြီး မေ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပွိုင့် ၁၀၂၀ စခန်းကုန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သားတွေ မြှုပ်နှံထားတဲ့ မြေကျင်းတွေကိုလည်း တွေရှိရတဲ့အပြင် ပူးပါင်းစစ်ကြောင်းဘက်မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး အင်အားစုတွေက လိုက်လံရှင်းလင်းလျက်ရှိပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲကို KNLA-PDF ပူးပေါင်းထားတဲ့ Black Corba Column နဲ့အတူ Beik Province People Defense Force ၊ Black Corba Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ အခုနှစ်အတွင်း တော် လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ တပ်စခန်း ၈ ခုအထိ သိမ်းပိုက်ရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Black Corba Column