မြဝတီ၊ မေ ၁၄
ကရင်ပြည်နယ် မြဝတီမြို့ကို စစ်ကူသွားရောက်မယ့် နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးမှာ ပါ ဝင်တဲ့ စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံ တပ်သားနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အ လင်းဝင်ရောက်လာတယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မ ၅၅ က စစ်ကောင်စီတပ်သား နှစ်ဦးဟာ လက်နက်တွေယူဆောင်လာပြီး မေ ၁၂ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ခဲယမ်း အပြည့်အစုံနဲ့အတူ ပြည်သူ့ရင်ခွင်ခိုဝင်လာတဲ့သူတွေကို အမြဲတမ်းကြိုဆိုလျက်ရှိတယ်လို့ ကျားဖြူတပ်ခွဲ ၁ ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလအစောပိုင်းကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်ဆင်ရေးဝင်နေတဲ့ စစ်ကောင်စီတပ်သားသုံးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့အတွက် ဆု ကြေးငွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံတော်အဆင့်ဖြစ်တဲ့ အောင်ဇေယျစစ်ဆင်ရေးမှာ ပါဝင်နေတဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ပြီးခဲ့တဲ့ဧပြီလ ပထမပတ်ကစပြီး သထုံ၊ ဘားအံ၊ မော်လမြိုင်ကနေတစ်ဆင့် ကော့ကရိတ်၊ မြဝတီမြို့ဘက်ကို ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။
မြဝတီမြို့ကို စစ်ကူလာရောက်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံအဆင့်စစ်ကြောင်းဟာ အချိန်တစ်လကျော်တဲ့အထိ မြဝတီမြို့သို့ရောက်ရှိလာခြင်း မရှိသေးဘဲ ကော့ကရိတ်မြို့ မြောက်ဘက်ခြမ်းနဲ့ အာရှလမ်းမရှိ တောနောရေတံခွန်အထက်နားမှာသာ ရောက်ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
အောင်ဇေယျစစ်ဆင်ရေးမှာ ပါဝင်နေတဲ့ စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံစစ်ကြောင်းတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်မှုတွေ လုပ် ဆောင်တဲ့အတွက် စစ်ကောင်စီတပ်ဟာ အထိအခိုက်များပြားခဲ့ပြီး သံချပ်ကာယာဉ်အပါအဝင် အ ခြားစစ်သုံးယာဉ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကူစစ်ကြောင်း ထိခိုက်မှုတွေ ပိုမိုများပြားလာနေတဲ့အတွက် အောင်ဇေယျစစ်ဆင် ရေးမှာ နောက်ထပ်တပ်မတစ်ခုဖြစ်တဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းအချို့ကို ဖြည့်ဆည်းပြီး တပ်အင်အား တိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ကျားဖြူစစ်ကြောင်း