ထားဝယ်၊ မေ ၁၃

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်ရှိ စစ်ကောင်စီရဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ဟာ ဒီကနေ့ မေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တပ်အင်အား ၂၀ နီးပါး တပ်စွဲထိုင်တဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

“အလစ်တိုက်ခိုက်ခံလိုက်ရတာ စကစအဖွဲ့တွေ ပြေးတဲ့သူကပြေး ပုန်းတဲ့သူကပုန်းနဲ့ ထိခိုက်သူတွေလည်း တွေ့ရတယ်”လို့ ထားဝယ်မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အချိန်မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီဘက်က ထားဝယ်မြို့အဝင်ဂိတ်ကို ယာယီပိတ်ချခဲ့ရပြီး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မေ ၁၂ ရက်နေ့ ညပိုင်းကလည်း ထားဝယ်မြို့ပေါ် ကမ်းနားလမ်းဘက်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.