မော်လမြိုင် ၊ မေ ၁၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်အစပ် ရွှေရောင်ပြကျေးရွာအနီးက ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ပြည်နယ်အတွင်းမှာ စက်သုံးဆီပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရပြီလို့ ဒေသခံတွေနဲ့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အရင်ကျန်ရှိတဲ့ ကွန်ကရစ်တံတားနဲ့ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ဘေလီတံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့ပါတယ်။
တံတားပြိုကျပျက်စီးသွားတဲ့အတွက် ကားကြီး၊ကားငယ်တွေအပါအဝင် ဆိုင်ကယ်တွေကအစ ဖြတ်သန်းသွားလာလို့ မရတော့သလို ကားငယ်တချို့ ကျေးရွာချင်းဆက်လမ်းပိုင်းတွေကနေ သွား လာတာတွေရှိပေမယ့် ကားကြီးတွေ သွားလာလို့မရတာကြောင့် ရပ်တန့်နေရတာ ဖြစ်ပါတယ်။
ကုန်တင်ကားကြီးတွေအပါအဝင် စက်သုံးဆီတင်ဆောင်ထားတဲ့ ကားတွေဝင်ရောက်မှု မရှိတဲ့တော့အတွက် ပြည်နယ်အတွင်းက မော်လမြိုင်အပါအဝင်မြို့နယ် ၇ မြို့နယ်ထက်မနည်း စက်သုံးဆီ ပြတ်လပ်မှု စတင်ကြုံတွေ့လာနေရတာပါ။
မော်လမြိုင်မြို့ခံတစ်ဦးက စက်သုံးဆီဆိုင်အများစုမှာ စက်သုံးဆီတွေ ပြတ်လပ်လာတာကြောင့် တန်းစီစောင့်ဆိုင်း ဝယ်ယူနေရပြီး စက်သုံးဆီအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီလို့ ပြောပါတယ်။
“ဆီကတော့ မြို့ထဲမှာဆိုလို့ရှိရင် ခြောက်ဆိုင်မှာဆိုရင် တစ်ဆိုင်လောက်တော့ ရတယ်။ တန်းစီရတာများတယ်။ ဆိုင်တိုင်းမရှိဘူး။ ဆီကတော့ အခက်အခဲ ဖြစ်တာပေါ့။ လမ်းကြောင်း အခြေအနေပိတ်တဲ့အတွက်၊ အဲဒီတော့တစ်ခါတလေကျရင်လည်း မဖြစ်မနေ လုံးဝမရှိတော့လို့ မဖြစ်မနေ ထည့်ရတော့မယ်ဆိုလို့ရှိရင်လည်း လမ်းဘေးမှာ တစ်ဗူးကို ၇၀၀၀ ရောင်းရင်လည်းထည့်ရမှာပဲ။ ၈၀၀၀ ရောင်းရင်လည်း ထည့်ရမှာပဲ။ ပြောမယ်ဆိုရင် ဆီကလုံးဝကျပ်တည်းသွားပြီ”လို့ ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီ တန်းစီဝယ်ယူတဲ့ နေရာမှာလည်း အနည်းဆုံးနာရီဝက်ခန့် စောင့်ဆိုင်းဝယ်ယူနေရတာကြောင့် အလုပ်အတွက် အချိန်ကြန့်ကြာမှု ဖြစ်ပေါ်နေရသလို စက်သုံးဆီကားတွေ ရက်ရှည် မဝင်ရောက်လာပါက စက်သုံးဆီရှားပါးမှု ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကလည်း စက်သုံးဆီကားတွေ ဝင်ရောက်ဖို့ ဖြတ် လမ်းမရှိတဲ့အတွက် စက်သုံးဆီပြတ်မှာဖြစ်သလို ထိုင်းဘက်ခြမ်းက စက်သုံးဆီတင်သွင်းလို့ ရပေမယ့် ဈေးနှုန်းထပ်မံမြင့် တက်လာနိုင်တယ်လို့ ပြောပါတယ်။
“တစ်ပတ်လောက်ဆိုလို့ရှိရင်တော့ ဆီကတော့ ပြတ်မှာပဲ။ ဟိုတုန်းက ကျိုက်ကော်အနားက ဖြစ်တဲ့ တံတားကျတော့ ရွာချင်းဆက်လမ်းကနေ ဖြတ်သွားလို့တော့ရတယ်။ အခု ဒီနေရာကျတော့ ဖြတ် လမ်းကမရှိဘူး ဖြစ်နေတယ်။ ပြတ်တာကတော့ ဈေးတက်တာပဲပေါ့လေ။ တကယ်လို့ ဒီမှာဆီပြတ်မယ် ဆိုလို့ရှိရင်တော့ ထိုင်းကနေ သူတို့သွင်းမှာပေါ့နော်။ ထိုင်းကနေ သွင်းတာကတော့ သွင်းလို့ရတယ်။ ဈေးတော့ နည်းနည်းထပ်မြင့်သွားဦးမှာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီ အရင်လို ပြန်လည်ဝင်ရောက် လာနိုင်ဖို့အတွက်ဆိုရင် တံတား ပြန်လည်တည် ဆောက်နိုင်တဲ့ အခြေအနေပေါ် မူတည်နေပြီး တံတားတည်ဆောက်မှု နှေးကွေးပါက စက်သုံးဆီရှားပါးမှုဒဏ်ကို ပိုမိုခံရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ပြိုကျပျက်စီးသွားတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့က မေ ၁၂ ရက်နေ့မှာ သွားရောက်ကြည့်ရှုခဲ့ပြီး ဘေလီတံတားအသစ် အမြန်ဆုံးတည်ဆောက်ဖို့ ဆောက်လုပ်ရေးဌာနနဲ့ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီကို ညွှန်ကြားခဲ့ပေမယ့် တံတားပြီးစီးမယ့်အချိန် အတိအကျ မသိရသေးပါဘူး။
ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့နှစ် ဇွန် ၂၉ ရက်နေ့ကလည်း KNLA ပူးပေါင်းအဖွဲ့တွေ မိုင်းထောင်ဖောက်ခွဲခဲ့တာကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့တဲ့အတွက် စက်သုံးဆီအပါအဝင်ကုန်စည်းစီးဆင်းမှု ၃ ရက်ထက်မနည်း ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ