တီဟီရန်၊ မေ ၁၃

အီရန်နိုင်ငံမှာ နျူကလီးယားဗုံးတွေ ထုတ်လုပ်ဖို့ လုံလောက်တဲ့ ယူရေနီယမ်တွေ ပိုင်ဆိုင်ထားပြီလို့ နိုင်ငံတကာ အဏုမြူအေဂျင်စီက သတိပေးခဲ့ပြီးနောက် လွှတ်တော်အမတ် တစ်ယောက်က အီရန်မှာ နျူကလီးယား လက်နက်တွေ လက်ဝယ်ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့ မေ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

မိမိရဲ့ အမြင်မှာ မိမိတို့ဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားပြီးဖြစ်ပေမယ့် မကြေညာသေးတာ ဖြစ်တယ်လို့ လွှတ်တော်အမတ် အာမက် ဘက်ရှာယက်က ပြောကြားကြောင်း အီရန် သတင်းဌာန Rouydad 24 က ဖော်ပြပါတယ်။

အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြား နျူကလီးယား သဘောတူညီမှု တစ်ရပ် ရရှိခဲ့ပေမယ့် ဒေါ်နယ်ထရန့်က ဒီသဘောတူညီမှုဟာ အီရန်ရဲ့ နျူကလီးယား လက်နက်ရရှိရေး ကြိုးပမ်းမှုကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားပြီး ၂၀၁၈ မှာ အမေရိကန်ကို သဘောတူညီမှုကနေ နုတ်ထွက်စေခဲ့ပါတယ်။

ဒီသဘောတူညီမှုအရ အီရန်က နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ မကြိုးစားပါဘူးဆိုတဲ့ ကတိအတွက် သူတို့ အပေါ်ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု အများကြီးကို ရုတ်သိမ်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက အီရန်လွှတ်တော်မှာ ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ အာမက် ဘာရှာယက်က နိုင်ငံတွေ အချင်းချင်း ထိပ်တိုက်တွေနေကြတဲ့ အကြောင်းရင်းဟာ အင်အားမညီမျှလို့ ဖြစ်ပြီး နိုင်ငံတွေရဲ့ အင်အားဘက်ညီနေရင် ထိပ်တိုက်တွေ့စရာမရှိဘူးလို့ ပြောပါတယ်။

ဒါကြောင့် အီရန်ရဲ့ စစ်အင်အားကို အမေရိကန်နဲ့ တူညီနေအောင် လုပ်ဆောင်ရမယ်လို့ သူက ဖြည့်စွက် ပြောကြားပါတယ်။

ဒီလို လုပ်ဆောင်ဖို့ဆိုရင် အီရန်အနေနဲ့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားမှ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လေ့လာသူတွေကတော့ အာမက် ဘာရှာယက်ဟာ လွှတ်တော်အမတ်ဖြစ်ပြီး အစိုးရအဖွဲ့ရဲ့ နျူကလီးယားနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချမှတ် နိုင်သူတွေထဲမှာ မပါဝင်တာကြောင့် သူ့ရဲ့ ပြောဆိုမှုတွေဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ကြေညာချက်ထွက်ပေါ်လာပြီး နှစ်ရက်အကြာမှာ အီရန် နိုင်ငံခြားရေးဆိုင်ရာ မဟာဗျူဟာကောင်စီ ဥက္ကဌက အီရန်အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်းရှိနေပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မိမိတို့အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းရှိနေပြီ ဖြစ်ပေမယ့် မထုတ်လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း သူက ပြောပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ အကျိုးစီးပွားတွေ ခြိမ်းခြောက်ခံလာရရင်တော့ အခြေအနေ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

Ref:FoxNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.