ပုလော၊ ဧပြီ ၂၃
နွေဦးတော်လှန်ရေးကာလအတွင်း တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင်တပ်ရင်း ၁ က ရဲဘော် ၂၈ ဦး ကျဆုံးထားတယ်လို့ အဲဒီတပ်ရင်းက ဧပြီ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
မြိတ်ခရိုင်တပ်ရင်း ၁ ဟာ တပ်ရင်းစတင်တည်ထောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ တိုက်ပွဲပေါင်းအကြိမ် ၁၀၀ ကျော် ဆင်နွှဲခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း ရဲဘော် ၂၄ ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၄ ဦးကတော့ မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲကာလအတွင်းမှာ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရတဲ့ ရဲဘော် ၄ ဦးရှိပြီး ဒဏ်ရာရတဲ့ရဲဘော် ၄၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြိတ်ခရိုင်တပ်ရင်း ၁ အနေနဲ့ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ လက်ရှိမှာတော့ ပုလောမြို့နယ်ရှိ ကျေးလက်ဒေသ အားလုံးကို ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က မြို့ပေါ်ရပ်ကွက်တွေကိုသာ စိုးမိုးထားနိုင်တာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးမှုအားသာတဲ့ ပုလောမြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Palaw PDF