ကျိုက်မရော ၊ ဧပြီ ၂၃

ဂျိုင်းမြစ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုကြောင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရမ္မာဝတီကားလမ်းတလျှောက်ရှိ ကျေးရွာတွေမှာ စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ တိုးလာနေတယ်လို့ စစ်ရှောင်အရေး ကူပေးနေသူတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်နေရတဲ့ ကျေးရွာတွေထဲမှာ ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ်စတဲ့ ကျေးရွာနေ အရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရတာ တစ်လနီးပါး ရှိလာနေပါပြီ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာန ၊ ဌာနမှူး မိသုတဂျော်က မြို့ဘက်ကို တိမ်းရှောင်သွားကြတဲ့ ဒေသခံပြည်သူ ငါးသောင်းဝန်းကျင်ရှိပြီး ရက်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရေး ခက်ခဲလာနေပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မြို့ဘက်ကို ရောက်သွားတဲ့ လူဦးရေက‌တော့ ငါးသောင်းဝန်းကျင်လောက်ရှိမယ်။ ကျေးရွာမှာ ဆက်ရှိနေတာ ရှိမယ်ဆိုရင် မြို့ဘက်က ရောက်သွားတဲ့သူတွေလည်း သူများအိမ်တွေက လက်ခံထားတဲ့ အနေအထားမှာ ကိုယ်ထူကိုယ်ထပဲ ပြည်သူတွေက လုပ်နေရတယ်။ ပြည်သူကနေ ပြည်သူကိုပဲ ပေးကမ်းနေရတယ်။ ပေးကမ်းရတဲ့သူကိုလည်း ဖမ်းဆီးချုပ်နှောင်မှု၊ စစ်ဆေးမှုတွေ လုပ်နေတဲ့အတွက်ကြောင့် လှူတဲ့သူတောင်မှ မလှူရဲတော့တဲ့ အနေအထားရှိတဲ့အတွက် ထွက်ပြေးတိမ်း ရှောင်ရတဲ့သူက ရက်လည်းကြာလာတဲ့အခါကျတော့ စားဝတ်နေရေး တို၊ နေထိုင်ရေးအခက်အခဲတို့ စပြီးခက်ခဲလာနေပြီ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနယ်မြေရဲစခန်းကျပြီးနောက်ပိုင်း ဂျိုင်းမြစ်ဒေသမှာ မွန်၊ ကရင်နဲ့ PDF တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လှုပ်ရှားမှုရှိနေသလို စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

စစ်ကောင်စီတပ်ဟာ ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေသုံးပြီး ဗုံးတွေ၊ အမြောက်တွေ၊ လက်နက် ကြီးတွေနဲ့ ပစ်ခတ်မှု‌တွေ ဆက်တိုက်ပြုလုပ်ခဲ့ရာမှာ ဓမ္မသရွာက နေအိမ် ၃၀၀ ကျော်နဲ့ ကျွန်းကုန်းက နေအိမ်ဆယ်ချီ မီးလောင်ပျက်စီးခဲ့ရသလို အရပ်သားတချို့ ထိခိုက်သေဆုံးတာလည်း ရှိခဲ့ပါတယ်။

ဒီအခြေအနေမှာ ဂျိုင်းမြစ်ဒေသက ကျေးရွာနေ အရပ်သားပြည်သူတွေ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဟာ နေရပ်စွန့်ခွာပြီး မော်လမြိုင်မြို့အပါအဝင် ချောင်းဆုံမြို့နယ်နဲ့ အခြားဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အသိဆွေမျိုးအိမ်တွေမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“အိမ်တောင် ပြန်စရာမရှိတဲ့လူတွေကျတော့လည်း နေရာအတည်တကျချဖို့အတွက်က ခက်ခဲလာပြီ။ ပြန်ဖို့စောင့်နေတဲ့သူတွေကလည်း အခုဆိုရင် တစ်လနီးပါးလောက် ရှိလာပြီ။ အဲဒါတွေကလည်း အခက်အခဲတွေ ရှိပါတယ်။ နောက်ပြီးတော့ ရွာမှာကျန်နေတဲ့သူတွေကလည်း ထွက်ပြေးဖို့ အနေအ ထားရော နေ့တဓူဝကျနေတဲ့ လက်နက်သံတွေကို အကြိတ်အနယ်ခံစားနေရတာ ရှိပါတယ်”လို့ မိသုတဂျော်က ပြောပါတယ်။

စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ၊ လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အဆောက်အအုံတွေ မီးလောင်ခဲ့ရင် ဝိုင်းဝန်းငြှိမ်းသတ်နိုင်ဖို့ အိမ်စောင့်သဘောမျိုးနဲ့ အမျိုးသားတချို့ ကျေးရွာမှာ ကျန်ရစ်နေခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ဘိန်းရဲစခန်းလက်လွှတ်ခဲ့ရပြီးချိန်ကတည်းက ရမ္မာဝတီကားလမ်းပေါ်ရှိ ခရုံဂူလမ်းဝကနေ ကော့သပ်၊ ကော့စွယ်နဲ့ တရနာကျေးရွာအထိ စစ်အင်အားတိုးချဲ့ဖြန့်ကျက်ထားသလို မြစ်ကြောင်းအတွင်း စစ်သင်္ဘောနှစ်စင်းထက်မနည်း တပ်ချထားတာပါ။

လက်ရှိမှာလည်း အဲဒီကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွေ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အ ဆောက်အအုံတွေမှာ တပ်စခန်းချထားသလို အဆောက်အဦးအမြင့်ရှိတဲ့ အရပ်သားနေအိမ်တွေမှာလည်း နေရာယူထားတာ ဖြစ်ပါတယ်။

ကျေးရွာအတွင်း ပိတ်မိနေတဲ့ ဒေသခံပြည်သူတစ်ဦးကတော့ ရွာမှာရှိတဲ့စစ်သားတွေဟာ လမ်းအ တော်များများကို ပိတ်ဆို့ထားပြီး လူမရှိတဲ့နေအိမ်တွေကို ပစ္စည်းခိုးဖို့ လိုက်ဖောက်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွာမှာရှိတဲ့ စစ်သားတွေ အိမ်တိုင်း သူလိုက်ဖောက်တယ်။ အခုကျွန်တော်တို့ တရနာမှာပဲ၊ တရနာမှာ လူတွေမရှိတော့ဘူး၊ ပြေးရှောင်သွားကုန်ပြီ။(တရနာ) ရဲစခန်းက ရှိတယ်။ လမ်းမကြီး လမ်းအ လယ်အထက်တန်းကျောင်းမှာ အဲဒီအပိုင်းတွေ မပေးသွားပဲ အကုန်လုံး ချိတ်ပိတ်ထားတယ်။ သူတို့ (ရဲနဲ့ စစ်သားပေါင်းပြီး) အိမ်တွေကို ဖောက်နေတာလေ။ မနက်က (ဧပြီ ၂၀) ကားတစ်စီး နှစ်စီး ခိုးထုတ်သွားတယ်။ ရှိတဲ့ဆိုင်ကယ်လည်း အကုန်လုံးယူသွားတယ်။ တန်ဖိုးကြီးပစ္စည်းတွေ ဘယ်လိုမှ မရတော့ဘူး”လို့ ဆိုပါတယ်။

စစ်ရေးအကဲခတ်တချို့ကတော့ ဂျိုင်းမြစ်ဒေသဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကို လုံခြုံ‌ရေး၊ ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုတွေ လုပ်ဆောင်ရတဲ့ မော်လမြိုင်မြို့ရှိ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ဖို့ ရှေ့တန်းစစ်မျက်နှာဖြစ်နေတယ်လို့ သုံး သပ်ကြပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ ရမ္မာဝတီကားလမ်းတစ်လျှောက်ရှိ ကျေးရွာတွေအားလုံးကို လက်နက် ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ဝင်ရောက်စိုးမိုးနိုင်မှု မရှိစေရေးနဲ့ ကော့ဘိန်းရဲစခန်းပြန်လည်ရယူဖို့ ကြည်း၊ ရေ၊ လေတပ်တွေနဲ့ တန်ပြန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာနရဲ့ တွက်ချက်မှုအရ တစ်လနီးပါးကြာလာတဲ့ ဂျိုင်းမြစ်ဒေသတိုက်ပွဲကြောင့် ကော့ဘိန်းကနေ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ်စတဲ့ ကျေးရွာအုပ်စုအထိ အရပ်သားပြည်သူ တစ်သိန်းဝန်းကျင်လောက် စစ်ဘေးဒဏ်ခံစားနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.