မြဝတီ၊ ဧပြီ ၂၃

ကရင်ပြည်နယ် မြဝတီမြို့ထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတစ်စီးအပါအဝင် စစ်ကားအချို့ကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်နဲ့ ခဲယမ်းကျည်ဆံတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်စပ်မြို့ မြဝတီကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက “အောင်ဇေယျ”အမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်နေပြီး သံချပ်ကာကားတွေအပြင် တပ်အင်အားအများအပြားပါဝင်တဲ့ တပ်မ ၅၅ စစ်ကြောင်းကို ကရင်ပြည်နယ်ထဲမှာ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

တပ်မ ၅၅ စစ်ကြောင်း ကရင်ပြည်နယ် ကျုံဒိုးမြို့နဲ့ ဒေါနတောင်ခြေ ကော့ကရိတ်မြို့ကို ရောက်ရှိလာတဲ့အချိန်မှာ KNLA တော်လှန်ရေးအင်းအားစုအဖွဲ့က ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာနေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

ဧပြီ ၂၁ ရက်နေ့က ဒေါနတောင်ခြေတနေရာမှာ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သံချပ်ကာကားတစ်စီးအပါအဝင် စစ်ကား ၃ စီး ချေမှုန်းနိုင်ခဲ့ပြီး စက်သေနတ်အပါအဝင် လက်နက်နဲ့ခဲယမ်းကျည်ဆံတို့ကို သိမ်းပိုက်ရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့အချို့ သေဆုံးနေတာကို ရုပ်သံမှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီစစ်ကူစစ်ကြောင်းဟာ ဒေါနတောင်ခြေကနေ မကျော်နိုင်သေးကြောင်းနဲ့ သံချပ်ကာကားတိုက် ခိုက်ဖျက်ဆီးမှုကို အတည်ပြုနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

ကော်ဘရာစစ်ကြောင်းတပ်ခွဲ ၄ နဲ့ တပ်ခွဲ ၅ ကလည်း စစ်ကောင်စီ သံချပ်ကာယာဉ်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာကို ဓါတ်ပုံမှတ်တမ်းနဲ့တကွ ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ဖော်ပြထားတာကို တွေ့ရပါတယ်။

အောင်ဇေယျစစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကော့ကရိတ်မြို့နယ်ကို ရောက်ရှိလာချိန် မြို့နယ်အတွင်းရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီး၊ အတွဲလိုက်ပစ်ဒုံး ပစ်ခတ်မှုနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.