မော်လမြိုင် ၊ ဧပြီ ၂၁

အယ်လ်နီညိုရာသီဥတုကြောင့် မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ အပူချိန်ပြင်းထန်မှုနဲ့အတူ ရေရှားပါးမှုပြဿနာ စတင်ကြုံတွေ့နေရပြီလို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေနဲ့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်အတွင်းက မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရောနဲ့ ဘီးလင်းမြို့ နယ်တွေရှိ ရပ်ကွက်နဲ့ကျေးရွာတချို့မှာ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်လာတဲ့အတွက် ရေရှား ပါးမှု အခက်အခဲနဲ့ စတင်ကြုံတွေ့လာရတာပါ။

ရေရှားပါးလာတဲ့အတွက် တချို့ ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ သောက်သုံးဖို့အတွက် သောက်ရေတွေအပြင် သုံးရေတွေပါ ရှားပါးလာတာကြောင့် ဒေသခံပြည်သူတွေဟာ ပရဟိတအဖွဲ့တွေနဲ့ ရေအလှူရှင်တွေကိုသာ အားကိုးနေရတာ ဖြစ်ပါတယ်။

ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက မွန်ပြည်နယ်မှာ ချောင်းဆုံမြို့နယ်ကအဓိက ရေရှားပါးမှု ပြ ဿနာကို ကြုံတွေ့နေရပြီး အရင်လိုရေလှူဒါန်းဖို့အတွက်လည်း စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

“ချောင်းဆုံက အဓိကရှားပါးမှုဒဏ်ကို အရင်ခံနေရတာ။ သူကတော့ နှစ်စဉ်နှစ်တိုင်းက ရေရှားတဲ့ နေရာတွေပဲဗျ။ နှစ်တိုင်းရှားနေတာ တစ်နှစ်မှ မလျော့သေးဘူး။ အဓိကစိန်ခေါ်မှုက အလှူရှင်တစ်ယောက်က တစ်သိန်းလောက်လှူတယ်ဆို အရင်ဆိုသုံးခေါက်လောက် သွားလို့ရတာပေါ့။ ဥပမာအားဖြင့် အခုဆို တစ်သိန်းလောက်လှူရင် နှစ်ခေါက်လောက်ပဲ သွားလို့ရတယ်။ တစ်ခေါက်လောက်ပဲ သွားလို့ရတယ်။ အခုဆီဈေးနှုန်းနဲ့ကျတော့ အဲဒီပြဿနာတွေက ကျွန်တော်တို့မှာ အဓိကရင်ဆိုင်ရတယ်”လို့ ဆိုပါတယ်။

လက်ရှိ အနေအထားအရ အပူချိန်ဆက်လက်မြင့်တက်လာပါက တခြားရပ်ကွက်နဲ့ ကျေးရွာတွေမှာပါ ရေတွင်းရေကန်တွေခန်းခြောက်ပြီး ရေရှားပါးမှုပြဿနာ ကြီးကြီးမားမား ကြုံတွေ့လာရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

ချောင်းဆုံမြို့နယ် ဒေသခံတစ်ဦးက ရေရှားပါးမှု ပြဿနာကြောင့် သောက်သုံးရေတွေ အဓိကလို အပ်နေပြီး အလှူရှင်နည်းပါးတဲ့အတွက် ချောင်းဆုံမြို့ပေါ်မှာ ရေသွားတိုက်နေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဘက်ခြမ်းမှာက ရေက သုံးရေပဲရတယ်။ သောက်ရေက မိုးရာသီကုန်တာနဲ့ သောက် ရေက ရှားတာပဲ။ ကျွန်တော်တို့မှာက သောက်ရေမရဘူး။ သုံးရေပဲ။ လက်ယက်တွင်းတွေ တူးထားတော့ နည်းနည်းပါးပါးချိုးဖို့၊ ဆေးဖို့ကြောဖို့တော့ရတာပေါ့။ ဒီကရေနဲ့က ထမင်းတွေဘာတွေလည်း ချက်လို့မရဘူး။ ချက်လို့ရှိရင် ဝါတက်လာရော။ ဒီတော့ချောင်းဆုံဘက်ခြမ်းမှာ ရေတွေတိုက်ရတယ်”လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကလည်း မြို့တွင်းရှိ ရပ်ကွက်တချို့မှာ သုံးလပိုင်းလောက်ကတည်းက ရေ တွင်းတွေမှာ ရေမရှိတော့ဘဲ ရေရှားနေတာဖြစ်သလို အလှူရှင်နည်းပါးတဲ့အတွက် အပြင်က ရေကားတွေနဲ့ ဝယ်ယူသုံးစွဲနေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ စမ်းကြီးဘက်မှာတော့ သောက်သုံးရေလည်း မရှိတော့ဘူး။ သုံးလပိုင်းလောက်ကတည်းက ရှားနေပြီ။ ဒီဘက်မှာတော့ အကုန်လုံးက ရေတွင်းတွေက ရေမရှိတော့ဘူး။ အဲဒီမှာ လှူမယ့်သူမရှိဘူးဆိုတော့ ချိုးမယ့်ရေတောင်မရှိဘူး၊ ရေကားတွေက မလာဘူးလေ။ အပြင်က ရေကားတွေ ဝယ်ရတယ်။ အရင်က ရေတစ်ကား ၈၀၀၀ လောက်ပဲရှိတယ်။ အခု ၁၂၀၀၀ ဖြစ်သွားပြီ”လို့ ဆိုပါတယ်။

ဒါ့အပြင် ရပ်ကွက်နဲ့ ကျေးရွာတွေအတွင်း ရေလာရောက်လှူဒါန်းသူမရှိတဲ့နေ့တွေမှာ ပုဂ္ဂလိက ရေရောင်းသူတွေဆီက ဝယ်ယူသုံးစွဲနေရပြီး ဝယ်ယူသုံးစွဲတဲ့နေရာမှာလည်း စက်သုံးဆီဈေးနှုန်းကြီး မြင့်မှုတွေကြောင့် အရင်ကထက် ဈေးနှုန်းပိုမို ပေးဆောင်နေရတယ်လို့ သိရပါတယ်။

အပူချိန်ပြင်းထန်မှုနဲ့အတူ ရေတွင်းရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါးလာတဲ့အပြင် မြို့တွင်းမှာလည်း လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတဲ့အတွက် ရေတင်လို့မရတာကြောင့် မြို့ပေါ်တွေမှာပါ ရေ ရရှိဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ ရေရှားပါးမှု ပြဿနာကို ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဆိုးဆိုးဝါးဝါး ကြုံ တွေ့ခဲ့ရပြီး အခုနှစ်မှာတော့ တစ်ကျော့ပြန် ရေရှားပါးမှုကို ထပ်မံကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.