မြစ်ကြီးနား၊ ဧပြီ ၂၀

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်းဆန္ဒပြမှုဖြစ်စဉ်အတွင်း စစ်ကောင်စီရဲ့ အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုကြောင့် အကျဉ်းသား ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် (PPNM) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ စစ်ကောင်စီကပေးတဲ့ လျော့ရက်ခံစားခွင့် ၆ ပုံ ၁ ပုံမှာ အကျုံးဝင်ပေမယ့်လည်း လွတ်မြောက်တဲ့အထဲ မပါဝင်တဲ့အတွက် အကျဉ်းဦးစီးဝန်းထမ်းတွေနဲ့ အကျဉ်းသားတွေ အချင်းများရာမှ ထောင်တွင်းဆန္ဒပြမှု ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီဆန္ဒပြပွဲအား ဖြိုခွင်းဖို့အတွက် အင်အား ၇၀ ဝန်းကျင်ပါတဲ့ ရဲနဲ့စစ်သား ယာဉ်တန်း ၅ စီးဟာ အဲဒီနေ့ ညနေပိုင်းမှာ အကျဉ်းထောင်ထဲကို ဝင်ရောက်သွားပြီးနောက် သေနတ်ပစ်ခတ်သံတွေ စ တင်ကြားရတယ်လို့ PPNM က ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ အင်အားသုံး ပစ်ခတ်ဖြိုခွင်းမှုမှာ အကျဉ်းသား ၄ ထက်မနည်း သေဆုံးခဲ့ပြီး ၆ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ၁၀ ဦးမှာလည်း ဆေးဝါးကုသခွင့် လို အပ်နေတယ်လို့ ကိုသိုက်ထွန်းဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနောက် အကျဉ်းထောင်အတွင်းမှ ထိခိုက်ဒဏ်ရာရသူ ဒါမဟုတ် သေဆုံးသူ အကျဉ်းသားတွေကို နယ်မြေခံမီးသတ်ဌာနက လူနာတင်ယာဉ်ဖြင့် အကျဉ်းထောင်အတွင်းမှ မနေ့ညနေပိုင်းအထိ သယ်ထုတ်နေပြီး ဆေးရုံပို့ဆောင်ခြင်းမရှိဘဲ စစ်တပ်ဝန်းအတွင်းရှိ စစ်ဆေးရုံကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မြစ်ကြီးနားအကျဉ်းထောင်က အမျိုးသားအကျဉ်းထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး တရားမျှတမှု မရှိဘူးလို့ဆိုကာ အကျဉ်း သားတွေဟာ ဆူပူသောင်းကျန်းနေသဖြင့် အကျဉ်းဦးစီးဌာနမှ ဖျောင်းဖျပြောဆိုခဲ့ပေမယ့် လိုက်နာမှုမရှိဘဲ အော်ဟစ်ဆဲဆို ဆူပူမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝါဒဖြန့်ဖော်ပြနေကြပါတယ်။

အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အကျဉ်းဦးစီးဌာန ဝန်းထမ်းတွေဟာ အဓိကရုဏ်း နှိမ် နင်းရေးလက်နက်တွေနဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုအတွင်း အကျဉ်းသား ၄ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူတွေကို မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအကျဉ်း ထောင်မှာ လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး မြစ်ကြီးနား အကျဉ်းထောင်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ သတ်ဖြတ်မှုနဲ့ ညှင်းပန်းမှုတွေအပြင်ကို ပေါက်ကြားမှုမရှိအောင် စစ်ကောင်စီလက်အောက်ခံ ရဲနဲစစ်သားတွေက ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ကောက်ယူထားတဲ့ အချက်အ လက်တွေအရ အာဏာသိမ်းကာလ သုံးနှစ်အတွင်း စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၀၃၄၉ ဦး ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.