မော်လမြိုင်၊ ဧပြီ ၁၉

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား ၃၃၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား ၃ ရာခိုင်နှုန်းသာ ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား ၃၃၀၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီထဲမှာ နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှ  မတရားပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၀၁ ဦးသာ ပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၃ ရာခိုင်နှုန်းကျော်ကျော်သာ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်တဲ့ ဆန္ဒမရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ပါဝင်မှု နည်းလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကတော့ လက်ရှိ စစ်ကောင်စီရင်ဆိုင်နေရတဲ့ မြေပြင်စစ်ရေး အခြေအနေပေါ်မှာ များစွာမူတည်တယ်ပေါ့နော်။ သူတို့ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ သူတွေကို လက်ရှိမြေပြင်မှာတောင် ကောင်းကောင်းမထိန်းချုပ်နိုင်ဘဲနဲ့ သူတို့ကို ဆန့်ကျင်တွန်းလှန်လို့ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတဲ့သူတွေ၊ သူတို့ကို မကြိုက်လို့ ဆန္ဒပြတွန်းလှန်ခဲ့တဲ့သူကို သူတို့(စကစ) လွှတ်ပေးခြင်တဲ့ ဆန္ဒမရှိသေးတာရယ် နိုင်ငံတကာဖိအားတွေ လုံလုံလောက်လောက် သူတို့ကို မပေးနိုင်သေးတာကြောင့်မို့ ဒီတစ်ခေါက် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုမှာ ပါဝင်နည်းတယ်”လို့ ဆိုပါတယ်။

အခုတစ်ခေါက်မှာတော့ စစ်ကောင်စီက လွတ်ငြိမ်းပေးတဲ့ အကျဉ်းသားတွေထဲမှာ ဝန်ကြီး၊ လွှတ်တော်အမတ်အချို့နဲ့ ထင်ရှားတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ပြီး ပြန်လည်ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

အဲဒီထဲမှာ မြစ်ကြီးနားအကျဉ်းထောင်က လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က နေ့ချင်းတွင်း အင်အားအလုံးအရင်းနဲ့ ပြန်လည်ဖမ်းဆီးခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာလည်း စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ အကျဉ်းသား ၉၀၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်သာ ပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.