ကျိုက်ထို၊ ဧပြီ ၁၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာလမ်းဆုံမှာ ဂိတ်ကြေးကောက်ခံနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ ဧပြီ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ အသက် ၅၇ နှစ်အရွယ် ဝါးဒက်ကွင်းကျေးရွာ ပြည် သူ့စစ်ခေါင်းဆောင် ဦးအောင်ဇော်ဦး(ခေါ်) ဖိုးလုံးဟာ အဖော်တစ်ဦးနဲ့အတူ ဝါးတားဂိတ်မှာရှိနေချိန် အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်သွားခဲ့တာပါ။

“သူကအဲဂိတ်မှာ အမြဲလိုလိုရှိပြီး ပိုက်ဆံကောက်နေတာ။ ဒီမနက်လည်း ထုံးစံအတိုင်းပိုက်ဆံကောက်နေချိန် အပစ်ခံရတာ။ လေးငါးခြောက်ချက်လောက်ရှိမယ်။ နေရာမှာပဲ လဲကျသွားတာ။ ခဏနေတော့ ဆေးရုံပို့လိုက်ကြတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ဇော်ဦးဟာ ဆီးခုံနဲ့ခြေထောက်တွေမှာ ကျည်ထိမှန်ဒဏ်ရရှိပြီး သိမ်ဇရပ်ဆေးရုံမှာ ဆေးကုသနေစဉ် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဝါးဒက်ကွင်းကျေးရွာလမ်းဆုံမှာ စစ်ကောင်စီခွင့်ပြုချက်နဲ့ ပြည်သူ့ စစ်အဖွဲ့ဝင်တွေက ဂိတ်ဖွင့်ကာ ဝါးကား၊ သစ်ကားတွေနဲ့လမ်းသွားလမ်းလာခရီးသွားကားတွေကို စစ်ဆေးပြီး ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒါပေမယ့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ ဂိတ်ကြေးကောက်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ဇော်ဦးကို KNU/PDF ပူးပေါင်းတွေက သေနတ်နဲ့လာရောက် ပစ်ခတ်သွားတဲ့အတွက် သေဆုံးသွားတယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

မနေ့ ဧပြီ ၁၈ ရက်နေ့ကလည်း ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက် ရာအိမ်မှူး ဦးအောင်ကျော်ကို အမည်မသိ သေနတ်သမားတွေက နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ပစ်ခတ်ခဲ့အတွက် သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.