မင်္ဂလာပါရှင်
သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို တော်လှန်ရေး တပ်တွေ ဖောက်ထွင်းနေတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းကို Saw Ba Maungနဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်တပ်ဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ်လိုဂို ပရိုဖိုင်နဲ့ အကောင့်တုတွေက ဧပြီလ ၈ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ ဖြန့်ဝေနေတာပါ။
ဖြစ်စဉ်မှာ ဓမ္မသရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲပြီး ပြည်သူတွေနဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်တာတွေရှိနေတယ် လို့ ဒေသတွင်းသတင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဓမ္မသရွာနဲ့ စစ်ဘေးရှောင်နေရတဲ့ ပတ်ဝန်းကျင် ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်စွဲထားပြီး အိမ်တွေကို ဝင်ရောက်မွှေနှောက်စားသောက်နေသလို တန်ဖိုးရှိပစ္စည်း တွေကိုလည်း ယူဆောင်တာတွေရှိတယ်လို့ ဒေသခံတွေကို မေးမြန်းပြီး DVB သတင်းဌာနက ဖော်ပြထားပါတယ်။
မွန်ပြည်နယ်အခြေစိုက် မွန်သတင်း IMNA မှာတော့ ဓမ္မသကျေးရွာဝန်းကျင်ရှိ စစ်ရှောင်နေရ တဲ့ ရွာတွေ နေအိမ်ဖောက်ထွင်းခံရမှုတွေရှိနေတယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ရေကြောင်း၊ကုန်းကြောင်းတို့က တာဝေးပစ် လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဓမ္မသ မီးလောင်နေတာကို မီးသတ်ကားတွေလာရောက်ကူညီပေး ခဲ့ပေမယ့် စစ်ကောင်စီဘက်က တားမြစ်တာတွေရှိတယ်လို့ ဒေသခံတွေကို မေးမြန်းပြီး သတင်း ဖော်ပြထားပါတယ်။
DVB သတင်းဌာနက ဖော်ပြထားတဲ့ သတင်း
မွန်သတင်း-IMNA သတင်းဌာနက ဖော်ပြထားတဲ့ သတင်း
သံလွင်တိုင်းမ် သတင်းဌာနက ဖော်ပြထားတဲ့ သတင်း
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်