ဘီးလင်း၊ ဧပြီ ၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အဝင် တိုးဂိတ်ဟောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေ သခံတွေနဲ့PDFတွေထံက သိရပါတယ်။

ဧပြီ ၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ နီးပါး တပ်စွဲထားတဲ့ တိုးဂိတ်ဟောင်းနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းတွေနဲ့ ဗုံး ၁၀ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ည ၉ နာရီအချိန်အထိ ဘီးလင်းအခြေ စိုက်တပ်ရင်းတွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဘီးလင်းမြို့ ဘိုးလှကြီးရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့ပေမယ့် အရပ်သားပြည်သူထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထက်မနည်းဒဏ်ရာရရှိခဲ့ပြီး သေဆုံးတာတွေလည်း ရှိတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဘီလင်းတိုးဂိတ်ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ခရီးသွားပြည်သူတွေထံက ငွေ ကြေးတောင်းခံတာ၊ ဖမ်းဆီးစစ်ဆေးတာနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တာတွေ ကျုးလွန်နေပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.