သံဖြူဇရပ်၊ မတ် ၂၉
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သက္ကောကျေးရွာ ဘုရားသုံးဆူလမ်းဝရှိ စစ်ကောင်စီရဲ့ သက္ကောဂိတ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်နဲ့PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တပ်အင်အား ၄၀ နီးပါး တပ်စွဲထားတဲ့ သက္ကောစစ်ဆေးရေးဂိတ်ကို မနေ့ မတ် ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်မှာ မွန်နဲ့ PDF တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နာရီဝက်နီးပါးကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်နဲ့ တိုက်ပွဲပြီးနောက် သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခတ်မှုကြောင့် သံဖြူဇရပ်-ရေးကားလမ်း အချိန် ၂ နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့တာပါ။
သက္ကောဂိတ်ကို NMSP AD ၊ မော်လမြိုင်ခရိုင် ပကဖ၊ ရေးပကဖနဲ့ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသက္ကောဂိတ်ကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း KNLA တပ်ရင်း ၂၇ ၊ PDF တောင်ညိုစစ်ကြောင်း နဲ့ မွန်ပြည်သစ်ပါတီ AD ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD