မော်လမြိုင် ၊ မတ် ၃၀

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မတ်လနောက်ဆုံးပတ်အတွင်း စက်သုံးဆီဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပြီးနောက် စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်လပ်မှု ထပ်မံကြုံတွေ့ နေရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ မတ်လပထမအတွင်း ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၂၈၀၀ ကျော်သာ ရှိခဲ့ပေမယ့် မတ်လနောက်ဆုံးအပတ်မှာတော့ တစ်လီတာကို ကျပ် ၃၀၀၀ နီးပါး ဈေးနှုန်းမြင့်တက်လာသလို ၉၂ ဓာတ်ဆီကလည်း တစ်လီတာကျပ် ၂၈၅၀ ကျော်အထိ ပေါက်ဈေးရှိနေတာပါ။

စက်သုံးဆီဈေးနှုန်းတွေ ထပ်မံမြင့်တက်လာမှုနဲ့အတူ စက်သုံးဆီအရောင်းဆိုင်တချို့မှာ ၉၂ နဲ့ ၉၅ အမျိုးအစားဓာတ်ဆီတွေ ရောင်းချပေးနိုင်ခြင်းမရှိတဲ့အတွက် ဆီပြတ်လပ်မှုနဲ့ ထပ်မံကြုံတွေ့နေရပါတယ်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ စက်သုံးဆီပြတ်လပ်မှုဟာ စစ်ကောင်စီဘက်က လိုသလောက် မရောင်းပေးတာ၊ ဝယ်လိုအားမြင့်တက်လာတာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနွေပိုင်းမှာပဲ လုပ်လို့ရတဲ့ ယန္တယားတွေပေါ့။ ယန္တယားတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ ဒီဟာတွေက ဒီအချိန်က အများဆုံးလုပ်ကြတာကို။ အဲဒီလိုလုပ်ကြတဲ့အချိန်က ဆီရဲ့လိုအပ်ချက်က အမြင့်ဆုံးချိန် ဖြစ်တာပေါ့။ အဲဒီအမြင့်ဆုံးအချိန်မှာ သီလဝါကနေ ရောင်းချပေးတာ ပုံမှန်ပဲဖြစ်နေတယ်။ တိုးပြီးတော့ မချပေးဘူးပေါ့လေ။ အသုံးများတဲ့အချိန်မှာကျတော့ နည်းနည်းတော့ အကျပ် အတည်း ဖြစ်တာပေါ့။ အကျပ်အတည်းဖြစ်တော့ ရောင်းမလောက်ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ စက်သုံးဆီတွေကို လိုသလောက် လုံလောက်အောင် မရောင်းချပေးပါက သင်္ကြန်ပိတ်ရက်ကာလအတွင်း စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့လာနိုင်သလို ပြင်ပဈေးကွက်မှာလည်း ဈေးနှုန်းအဆမတန် မြင့်တက်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိကာလဟာ နွေရာသီကျောင်းပိတ်ရက် ဖြစ်တာကြောင့် ခရီးသွားလာမှု များပြားတာ၊ လျှပ် စစ်မီးပိုမိုပြတ်တောက်လာတဲ့အတွက် စက်ရုံ၊ အလုပ်ရုံတွေမှာ မီးစက်ကြီးတွေနဲ့ လည်ပတ်နေရတာကြောင့် စက်သုံးဆီဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်နေတာပါ။

စက်သုံးဆီလုပ်ငန်းရှင်တွေက ဒီကာလမှာ စက်သုံးဆီတိုးမြှင့်ရောင်းချပေးဖို့ စစ်ကောင်စီထံ တောင်းဆိုတာတွေ ရှိပေမယ့် ပုံမှန်အတိုင်း ခွဲတမ်းနဲ့သာ ရောင်းချပေးတာကြောင့် စက်သုံးဆီ ပြတ် လပ်မှုနဲ့ ကြုံတွေ့လာရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

မော်လမြိုင်မြို့မှာတော့ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာမှုနဲ့အတူ စက်သုံးဆီပြတ်လပ်မှုကို မကြာခဏဆိုသလို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.