ကျိုက်မရော ၊ မတ် ၃၀

ဂျိုင်းမြစ်အတွင်း တပ်စခန်းချထားတဲ့ စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့နယ် ဓမ္မသရွာအနီးတဝိုက် ပိတ်မိနေကြတဲ့ စစ်ရှာင်ပြည်သူတစ်ထောင်နီးပါး ကယ်ထုတ်ထားနိုင်ခဲ့ပြီလို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်းကို မွန်၊ကရင်နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးချိန်ကတည်းက စစ်ကောင်စီတပ်ဟာ အနီးအနားရှိကျေးရွာတွေကို ကြည်း၊ ရေ၊ လေတပ်ကနေ လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာပါ။

ဒါကြောင့် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ဓမ္မသ၊ သံကလောင်၊ တရနာနဲ့ ကော့သပ်စတဲ့ ကျေးရွာနေပြည်သူလူထု ထောင်နဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာရွာတွင်းနဲ့ တောင်ခြေတွေ၊ ကျောက်ဂူတွေအတွင်း ပိတ်မိနေကြတဲ့ ဓမ္မသရွာက ပြည်သူတွေကို ဘေးလွတ်ရာတိမ်းရှောင်နိုင်ဖို့ အနီးအနားရွာက ကယ်ဆယ်ရေးအဖွဲ့တွေ ကယ်ထုတ်နိုင်သလောက် ကယ်ထုတ်ထားပြီလို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

“အခုစစ်မြေပြင်သဘောဖြစ်နေပြီးတော့ မီးလောင်ဘာလောင်ဆို‌တော့ ကျွန်တော်တို့ သွားလို့မရဲဘူး။ မနက်က လူအသက်ကယ်ရင်းနဲ့ ကယ်ထုတ်ပေးရတယ်။ ဓမ္မသရွာ ကျောက်ဂူတွေမှာ ပုန်းနေတဲ့သူတွေအကုန်လုံး ကျွန်တော်တို့ ထွက်နိုင်သလောက် ကယ်ထုတ်ထားပြီးပြီ။ ထွက်လာပြီးကုန်ပြီ။ လူကတော့ တစ်ထောင်နီးပါး ကယ်ထုတ်လာပြီးပြီ”လို့ဆိုပါတယ်။

ကျန်ရှိသူတွေကိုလည်း ထပ်မံကယ်ထုတ်နိုင်ဖို့ ကျေးရွာလူမှုကယ်ဆယ်ရေးအဖွဲ့တွေ ကြိုးစားနေပြီး အမျိုးသားတချို့ကတော့ ရွာအခြေအနေစောင့်ကြည့်ဖို့နဲ့ နေအိမ်ကျန်ရှိနေသေးတဲ့သူတွေ အိမ်စောင့်သ‌ဘောမျိုး ကျန်ရှိနေတာရှိတယ်လို့ ပြောပါတယ်။

ဓမ္မသကျေးရွာဟာ အရှေ့ဘက်ခြမ်းရှိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာနဲ့ ၄ မိုင်ကျော်ဝေးသလို အနောက်ဘက်ခြမ်းမှာတော့ ကျိုက်မရောမြို့နယ် တရနာရွာနဲ့ ၃ မိုင်ကျော်လောက်သာဝေးတာပါ။

တရနာရွာအနီးတဝိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကတော့ ကျေးရွာချင်းဆက်လမ်းကြောင်းတွေကို အသစ်ခန့်အပ်လိုက်တဲ့ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်လင်းမောင်ရဲ့အမိန့်နဲ့ ဖြတ်တောက်ထားသလို စစ်ရှောင်ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ဝင်ရောက်ခွင့် တားဆီးပိတ်ပင်ထားပါတယ်။

ဒါကြောင့် မီးဘေးသင့်စစ်ဘေးရှောင်တွေကို ဂျိုင်းမြစ်ကြောင်းကနေတဆင့် တစ်ဘက်ကမ်းပေါ်ရောက်အောင် ကူညီကယ်ဆယ်ပေးနေရတာလို့ စစ်ရှောင်အရေးကူညီပေးနေသူတွေဆီက သိရပါတယ်။

“ဟိုဘက်က ပြောင်းရွှေ့လာတဲ့ မီးဘေးနဲ့ စစ်ပြေးရှောင်ပြည်သူတွေကို ကျွန်တော်တို့ ဘက်ကမ်းမှာ ကူညီပေး ပါတယ်။ သူတို့သွားမယ့်နေရာကျ ဥပမာ အနီးအနားတဝိုက်မှာ ကျွန်တော်တို့ လိုက်ပို့ပေးပါတယ်။ တချို့သူတွေကျ မော်လမြိုင်သွားတာတို့၊ ဘားအံသွားတာတွေ လမ်းမကြီးပေါ်ပို့ပြီးရင် ကားပေါ်တင်ပေးလိုက်တယ်။ လိုရာခရီး သူတို့ဆက်သွားတာပေါ့”လို့ စစ်ရှောင်အရေးကူပေးနေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဓမ္မသရွာကို မတ် ၂၇ ရက်နေ့မှာ ကြည်း၊ ရေ၊ လေတပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး မြို့ပေါ်က မီးသတ်ကားတွေကို မီးငြှိမ်းသတ်ဖို့ တားဆီးခဲ့တဲ့အတွက် အရပ်သားနေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ဂျိုင်းမြစ်အတွင်း တပ်ချထားတဲ့ စစ်ကောင်စီရဲ့ ရေတပ်စစ်သင်္ဘောနှစ်စင်းကနေ နှစ်ရက်ဆက်တိုက် ဓမ္မသကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျန်ရှိနေတဲ့နေအိမ်တချို့ ထပ်မံမီးလောင်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မတ် ၂၈ ရက်နေ့က ဓမ္မသရွာရှိ ကျောက်ဂူတွေမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေထဲက အသက် ၆၀ ဝန်းကျင် အဘွားအိုတစ်ဦး ထိခိုက်ဒဏ် ရာရပြီး ကော့ဘိန်းရွာကတဆင့် မြို့ပေါ် ဆေးကုသမှုခံယူနေတယ်လို့ စစ်ရှောင်အရေးကူပေးနေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ဘိန်းရဲစခန်းကျပြီးကတည်းက ခရုံဂူလမ်းကနေ တရနာကျေးရွာအတွင်း တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်တပ်စွဲထားတာပါ။

ဒါ့အပြင် နှစ်ဘက်တိုက်ပွဲဖြစ်ပြီး ရဲစခန်းအသိမ်းခံရတဲ့ ကော့ဘိန်းရွာရဲ့ မြောက်ဘက် ဂျိုင်းမြစ်တစ်ဘက်ကမ်း သံလှယ်၊ ကော့ယက္ခနဲ့ ခရားအပြင်ရွာတွေကနေလည်း စစ်ကြောင်းထိုးဝင်ရောက်တာ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.