နေပြည်တော် ၊ မတ် ၃၀
နှစ်ဘက်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့တို့ဟာ မတ် ၂၈ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးမှုမှာ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ အပစ်ရပ် ၇ ဖွဲ့ဘက်က PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ LDU ဒုဥက္ကဋ္ဌ ကျားဖူး၊ DKBA က စောကျော်သန်းဌေးတို့ အပါအဝင် KNU/KNLA-PC ၊ NMSP နဲ့ RCSS တို့က ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြတာပါ။
ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တပ်မတော်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) အခမ်းအနားမှာ တပ်ချုပ်မိန့်ကြားခဲ့တဲ့ NCA နဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေကို ထပ်ဆင့်ရှင်း လင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေရပ်တန့်နိုင်ရေးဆိုင်ရာကိစ္စရပ်တွေ၊ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ ၆ ရပ်နဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့ အပစ်ရပ် ၇ ဖွဲ့ဟာ အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီးနောက် သုံးနှစ်မပြည့်ခင် ရက်သတ္တပတ်အလို ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PN LO ကလွဲရင် ကျန်တဲ့အဖွဲ့တွေ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိခဲ့ကြပါဘူး။
မွန်ပြည်သစ်ပါတီကလည်း အာဏာသိမ်းသုံးနှစ်အတွင်း NCA စာချုပ်အရ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရအဖြေရှာဖို့ နည်းလမ်းပေါင်းစုံနဲ့ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပေမယ့် ဆွေး နွေးမှုတွေဟာ မျှော်မှန်းတဲ့ရလဒ်တွေ လုံးဝမရရှိခဲ့တဲ့အတွက် ပါတီခေါင်းဆောင်တချို့က စစ်ကောင်စီကို တော်လှန်ပုန်ကန်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ် ၇ ဖွဲ့တို့ ဆွေးနွေးမှုအတွင်း ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အဆက်မပြတ်ဖြစ်ပေါ်လာရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည် ထောင်စုတည်ဆောက်နိုင်ရေးကိစ္စတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို ပြင်ဆင်ဖွဲ့စည်းတဲ့ ကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေအပါအဝင် နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ INGO အဖွဲ့ကြား အကောင်အထည်ဖော်မယ့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့အကူအညီတွေ ပေးအပ်နိုင်ရေး စီမံကိန်းလျားထားနိုင်မယ့် အခြေအနေတွေကိုလည်း အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
တစ်ဘက်မှာတော့ စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်အဖွဲ့ KIO၊ ရခိုင်အဖွဲ့ AA၊ ကရင်အဖွဲ့ KNU၊ ချင်းအဖွဲ့ CNF၊ ကရင်နီအဖွဲ့ KNPP၊ ပအိုဝ့်အဖွဲ့ PNLO နဲ့ မွန်အဖွဲ့ NMSP-AD တို့ကို စစ်မျက်နှာများစွာ ဖြန့်ကျက်ပြီး ကြည်း၊ရေ၊လေတပ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်ငြိမ်းချမ်းရေး ရရှိရေးအတွက် သုံးနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း အကြိမ် ၅၀၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ၇၉ နှစ် မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI