ကရာချီ၊ မတ် ၃၀

တရားဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထောက်လှမ်းရေး အေဂျင်စီတွေဘက်က ဝင်ရောက်ချယ်လှယ် ခြိမ်းခြောက်မှုတွေရှိတယ်ဆိုတဲ့ တရားသူကြီး ၆ ဦးရဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့ ကော်မရှင် ဖွဲ့စည်းသွားမယ်လို့ ပါကစ္စတန်ဥပဒေရေးရာဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးချုပ်ဖြစ်သူ ရှီဘက်ဇ် ရှရစ်ဖ်နဲ့ ဥပဒေရေးရာအကြီးအကဲ ခါဇီ ဖက်စ်အီဇာတို့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ ဝန်ကြီး အဇန်နာဇီယာ တာရာက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

အစ္စလာမ်မာဘက်မြို့အထက်တရားရုံးရဲ့ တရားသူကြီး ၆ ဦးရေးသားထားတဲ့ စာတစ်စောင်ကို အီဇာရဲ့ရုံးသို့ပို့လိုက်ပြီးနောက် အခုလိုတွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်လာတာပါ။

နိုင်ငံရဲ့ထိပ်တန်းထောက်လှမ်းရေး အေဂျင်စီ ISI ဟာ နိုင်ငံရေးအမှုတွေမှာ သူတို့သဘောကျ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရားသူကြီးတွေကို ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောင်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေး အေဂျင်စီက တရားသူကြီးတွေကို သူတို့ရဲ့ မိသားစုဝင်တွေက တဆင့် ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ တရားသူကြီးတွေဘက်က စွပ်စွဲထားပါတယ်။

ဒီကိစ္စကို တရားရေးအရာရှိချုပ်က ISI အကြီးအကဲနဲ့ ဆွေးနွေးခဲ့ပြီး ISI အကြီးအကဲက တရားရေးမှာ မိမိတို့အေဂျင်စီအနေနဲ့ ဝင်ရောက်စွက်ဖက်ခဲ့တာမရှိဘူးလို့ ငြင်းဆိုခဲ့ပေမယ့် တရားသူကြီးတွေအပေါ် ခြိမ်းခြောက်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုထားတာပါ။

ပါကစ္စတန်မှာ အင်အားကြီးမားတဲ့ စစ်တပ်ဟာ အစိုးရအဖွဲ့တွေကို ဖြိုခွဲတာနဲ့ ဖွဲ့စည်းတာတွေမှာ ပါဝင်ပတ်သက်နေသလို ၁၉၄၇ ခုနှစ်က ဗြိတိန်ဆီက လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရဲ့ ထက်ဝက်နီးပါးလောက်ကို စစ်အစိုးရက အုပ်ချုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ခန်းနဲ့အတူ ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ် ရှရစ်ဖပ်တို့က သူတို့ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ အဆင်မပြေ တာကြောင့် စစ်တပ်ရဲ့ ထုတ်ပယ်တာခံခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရိုက်တာက မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပါကစ္စတန် စစ်တပ်က တုံ့ပြန်တာမရှိဘူးလို့ မူရင်းသတင်းမှာဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.