တနင်္သာရီ၊ မတ် ၂၉

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန္ဒေါစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတယ်လို့ မြိုတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက မတ် ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က တနင်္သာရီမြို့နယ် အခြေစိုက် ခလရ ၁၀၁ တပ်ရင်းကနေ သိန္ဒောစခန်းမှာ တာဝန်ကျနေတဲ့ တပ်သား ကျော်သက်ပိုင်ဟာ MA1 သေနတ် တစ်လက်၊ကျည်ဘောက် ၄ခု၊ကျည် ၅၄၀ တောင့် လက်ပစ်ဗုံး ၂လုံး၊ အီနာဂါ ၂လုံးနဲ့အတူ အလင်းဝင်လာခဲ့တာပါ။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားကို လုံခြုံတဲ့နေရာမှာ ထားရှိထားပြီး နိုင်ငံ့ဝန်းထမ်း CDM မူဝါဒအညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

“သူကစကစလက်အောက်မှာ စစ်မှုမထမ်းလိုတော့တဲ့အတွက် လက်နက်တွေပါယူလာပြီး အလင်းဝင်လာတယ်၊ လက်ရှိသူကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်၊ နောက်ပိုင်းကတော့ သူဆန္ဒအတိုင်း လုပ်ပေးသွားမယ်”လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း  ၁ စစ်ကြောင်းမှူး L ကြီးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်နက်နဲ့အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက ဆုငွေ ကျပ် ၃၅ သိန်းကို ချီးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သား ကျော်သက်ပိုင်က လွတ်မြောက်နယ်မြေတစ်ခုမှာ စီးပွားရေးလုပ်ပြီး အေးချမ်းစွာနေထိုင်လိုကြောင်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ မှာ မြိုတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ (၁)၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ SWDF နဲ့ မြိတ်မြို့နယ် ပကဖ တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း  CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၄၀ ထက်မနည်း ရှိတယ်လို့ တနင်္သာရီတိုင်း ပကဖ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်းတိုင်းမ်

ဓာတ်ပုံ – မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.