ကျွန်းစု၊ မတ် ၃၀
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်အပါအဝင် ၄ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း၂ ထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့မှာ တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲ့တိုင်ကျေးရွာ၊ ယမုံရွာနဲ့ ယမုံမြစ်ဝတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ နေရာတွေကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း၂ ပြန်ကြားရေး တာဝန်ခံရဲ့ ပြောပြချက်အရ မတ် ၂၆ ရက်နေ့ ညပိုင်းကတည်းက တော်လှန်းရေး အင်အားစုတွေက စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ နေရာတွေကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ လေးကြိမ်အတွင်း ပျူစောထီး ခေါင်းဆောင်အပါ အ ဝင် ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း၂ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီပူးပေါင်းတပ် တိုက်ခိုက်ခံရတာကြောင့် ဒီနေ့အချိန်ထိ အင်အား ၇၀ ဝန်း ကျင်နဲ့ မောင်း လှော်ကျေးရွာဘက်က အင်အားဖြည့်တင်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး စစ်ကြောင်း၂ မှာ တနင်္သာရီ ပကဖ၊ မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ (၂)၊ ကျွန်းစု ပကဖ၊ ပုလောပကဖ၊ တနင်္သာရီ တောဗုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖ လုံခြုံ ရေးအဖွဲ့နဲ့ ဒရုန်းအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၁၀ ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂