ကမ္မ – မတ် ၂၉
မကွေးတိုင်း၊ပခုက္ကူမြို့နယ်ကနေ ထွက်လာတဲ့ အစီး ၁၀၀ ကျော်ပါတဲ့ ယာဉ်တန်းဟာ မူလလမ်း အတိုင်းမသွားရဲတော့တာကြောင့် လမ်းသစ်ဖောက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ကမ္မမြို့ကနေ ပေါက်မြို့နယ်ကို ကတ္တရာလမ်းအတိုင်းသွားချိန်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆက်မသွားရဲတော့တာလို့ ဆိုပါတယ်။
ကမ္မမြို့ကနေ ပေါက်မြို့ကို ဆိုင်ကယ်နဲ့သွားမယ်ဆိုပါက ၁ နာရီဝန်းကျင်သာ ကြာမြင်ပေမယ့် စစ်ကောင်စီယာဉ်တန်းဟာ ၁၀ ရက်ဝန်းကျင်အထိ ကမ္မမြို့မှာပဲ ပိတ်မိနေတာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“လောလောဆယ် သာကြီးတောင်ရေနံမြေဘက်ကိုရောက်နေတယ်။ အဲဒီမှာစခန်းချပြီးတော့ သူတို့မှာပါလာတဲ့ မြေကော်စက်တွေနဲ့လမ်းဖောက်ပြီးသွားဖို့ပြင်နေ တယ်။လှုပ်ရှားမှုတော့ မရှိသေးဘူး”လို့သူက ပြောပါတယ်။
ပိတ်မိနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၂၆ ရက်နေ့က ကမ္မိမြို့ ဂျိုးပျံရပ်ကွက်ခေါ် ၁၂ ရက်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိမ်ခြေ ၅၀ ကျော်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ဒေသခံ တွေက ဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကလည်း ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ထားတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့က အဲဒီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ထားတဲ့အတွက် စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ Young Force UG အဖွဲ့က သတင်း ထုတ်ပြန်ထားပါ တယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media
ပုံစာ – စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ဂျိုးပျံရပ်ကွက်မှ မြင်ကွင်းများ