ဘူးသီးတောင်၊ မတ် ၂၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၅၂) ခြေမြန်တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့ မတ် ၂၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ခမရ(၅၅၂)တပ်ရင်းကို ရက္ခိုင့်တပ်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးတစ်လအကြာ မတ် ၂၅ ရက် နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ကုန်းကြောင်း၊ လေကြောင်းနဲ့ အပြင်းအထန်း ခုခံနေတဲ့ကြားကနေ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စခန်းအတွင်းမှ လက်နက်ခဲယမ်း၊ စစ်ကောင်စီတပ်သား အလောင်းနဲ့အတူ လက်နက်ချအညံ့ခံတဲ့ စစ်သားအချို့ ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် ရက္ခိုင့်တပ်တော်မှ တစ်လနီးပါး ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေပြီး အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ထားနိုင်ပြီးဖြစ်တဲ့ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ဒေသအတွင်းက စစ်ကောင်စီရဲ့ စခန်းပေါင်းများစွာကို ဝန်းရံပိတ်ဆို့ ဖြတ်တောက်ထားတာဟာ လပေါင်းများစွာ ကြာမြင့်ပြီးဖြစ်တဲ့အပြင် အဲ့ဒီထဲမှ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အဲ့ဒီစခန်းမှ အင်အား ၁၀၀ ခန့်ပါတဲ့ တပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင့်တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံရပြီးနောက် မတ် ၂၅ ရက်နေ့မှာ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစခန်းမှာလည်း လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့သလို ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.