နယူးယောက်၊ မတ် ၂၇

ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်းအပစ်ခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အပစ်ခတ်ရပ်စဲရေး တောင်းဆိုချက် အကြိမ်ကြိမ်မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ကောင်စီက ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်မှာ ဓားစာခံတွေ ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရုံးက အပစ်ခတ်ရပ်စဲရေးနဲ့ ဓားစားခံတွေ လွတ်မြောက်ရေး တိုက်ရိုက် ဆက်စပ်နေတယ်ဆိုတဲ့ သဘောထားရပ်တည်ချက်ကို အမေရိကန်က စွန့်လွှတ်လိုက်တယ်လို့ ဝေဖန်ထားပါတယ်။

ဒီဆုံးဖြတ်ချက်အသစ်ကို အမေရိကန်က ဗီတိုအာဏာသုံးပြီး မပယ်ချခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း အစ္စရေးက ပြောပါတယ်။

အခုလုပ်ရပ်ကြောင့် ဓားစာခံတွေ ပြန်လွတ်မြောက်ရေး ကြိုးပမ်းမှုတွေအတွက် အနှောင့်အယှက် ဖြစ်စေပြီး ဟားမာ့စ်အဖွဲ့အနေနဲ့ နိုင်ငံတကာ ဖိအားကိုအသုံးချပြီး ဖမ်းထားသူတွေကို မလွှတ်ဘဲ အပစ်ခတ်ရပ်စဲဖို့ အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးရာ ရောက်တယ်လို့လည်း အစ္စရေးရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီသီတင်းပတ်အတွင်း ဝါရှင်တန်မှာ အစ္စရေးနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ စီစဉ်ထားတာကိုလည်း အစ္စရေးအစိုးရက ဖျက်သိမ်းလိုက်တယ်လို့ ကြေညာထားပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကတော့ ဂါဇာမှာ ဓားစာခံတွေ ဖမ်းဆီးခံထားရသရွှေ့ စစ်ပွဲကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

ကောင်စီရဲ့ဆုံးဖြတ်ချက်ကို ပါလက်စတိုင်း ကိုယ်စားလှယ် ရီးယာဒ့်မန်ဆောက ကြိုဆိုခဲ့ပေမယ့် အချိန်လွန်မှ ထွက်လာနိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က လုံခြုံရေးကောင်စီမဲခွဲဆုံးဖြတ်မှုအတွင်း အမေရိကန်က မဲမပေးခဲ့ဘဲ ကျန် ၁၄ နိုင်ငံက ထောက်ခံခဲ့တာကြောင့် ဆုံးဖြတ်ချက် ထုတ်ပြန်နိုင်ခဲ့တာပါ။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.