မင်္ဂလာပါရှင်
သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေကြဲချခဲ့တဲ့ အတွက် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တာကို KNU ကြောင့် ဖြစ်တာလို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖြန့်ချီနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းကို ကျော်စွာ၊ ဟန်ငြိမ်းဦး၊ Saw Ba Maung နဲ့ နောင်ရိုးစစ်သည်စတဲ့ စစ်အုပ်စု ဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ်လိုဂို ပရိုဖိုင်အသုံးပြုထားတဲ့ အကောင့်တွေက မတ်လ ၁၁ ရက်နေ့ မှာ ဓာတ်ပုံတွေနဲ့ စတင်ဖြန့်ဝေနေကြတာပါ။
ဖြစ်စဉ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ မီးလောင်ဗုံးတွေအပြင် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူပိုင် နေအိမ်တွေ ပျက်စီးဆုံးရှုံးနေရတာဖြစ်တယ်လို့ ဒေသတွင်းအခြေစိုက် မီဒီယာတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ရေးသားထားပါတယ်။
ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနမှာတော့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေကြတဲ့ ကော့ကရိတ်မြို့ပေါ်က အရပ်သားတွေနဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာဟာ တော်လှန်ရေးအင်အားစုတွေပြုလုပ်သယောင် ဖန်တီး လုပ်ဆောင်နေတာဖြစ်တယ်လို့ KNU ကော့ကရိတ်မြို့နယ် အတွင်းရေးမှူးရဲ့ ထုတ်ဖော်ပြောဆို ချက်ကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် လွတ်လပ်တဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ DVB မှာတော့ စစ်ကောင်စီဘက်က လက်နက် ကြီးအပြင် မီးလောင်ဗုံးတွေအပြင် ဒရုန်းနဲ့ ဗုံးကြဲချမှုတွေကြောင့် အထက်ရွာအတွင်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တာဖြစ်သလို တခြားနေရာတွေလည်း မီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။
Karen Information Center-KIC သတင်းဌာနက ဖော်ပြထားတဲ့သတင်း
DVB သတင်းဌာနက ဖော်ပြထားတဲ့သတင်း
ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်