သထုံ၊ ဖေဖော်ဝါရီ ၇

မွန်ပြည်နယ် သထုံမြို့နယ် ညာဓဝယ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ သထုံအခြေစိုက် အမှတ်(၄၀၂) အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ညာဓဝယ်ကျေးရွာထဲကို လက်နက်ကြီး ၄ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ညာဓဝယ်ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် နော်မလှဘောင်ဟာ ဘယ်ဖက်ဒူးခေါင်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံနေအိမ် ၁၂ လုံးထိခိုက်ပျက်စီးခဲ့သလို ဒေသခံတွေလည်း ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း သထုံမြို့နယ်၊ ကော့လှိုင်းနဲ့ကုလားကုန်းကျေးရွာကြားမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဈေးဝယ်ပြီးပြန်လာတဲ့လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားတာပါ။

သထုံခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.