ဇရပ်ကြီး၊ ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ဇရပ်ကြီးမြို့အခြေစိုက် အမှတ် (၇၃) ခြေလျင်တပ်ရင်းအပါအဝင် တပ်စွဲထားတဲ့နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အမှတ် (၇၃) ခြေလျင်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး သတင်းတွေထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးထားပြီး အပြင်းအထန်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးတာအပြင် အရပ်သားပြည်သူအများအပြား  ပိတ်မိနေတာတွေရှိနေတယ်လို့ ဇရပ်ကြီးမြို့ဒေသခံတွေကနေ သိရပါတယ်။

ဇရပ်ကြီးမြို့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ဆောင်းခ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.