People gather as a medical transport vehicle carrying the body of Chile's former President Sebastian Pinera arrives at a medical facility after Pinera died in a helicopter crash, in Valdivia, Chile February 6, 2024. REUTERS/Juvenal Alun Gomez

ဆန်တီယာဂို၊ ဖေဖော်ဝါရီ ၈

ချီလီ သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဆီဗက်စတီယန် ပင်နဲရာဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အသက် ၇၄ နှစ် အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း လာဂိုရန်ကိုမြို့မှာရှိတဲ့ ရေကန်တစ်ခုထဲ ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ သူနဲ့အတူလိုက်ပါသွားခဲ့တဲ့ တခြားလူ ၃ ဦးကတော့ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ပင်နဲရာဟာ သူ့ကိုယ်ပိုင်ရဟတ်ယာဉ်ကို စီးနင်းသွားတာဖြစ်ပေမယ့် ပျက်ကျချိန်မှာ ရဟတ်ယာဉ်ကို သူကိုယ်တိုင် မောင်းနှင်ခဲ့သလားဆိုတာကိုတော့ တရားဝင်အတည်မပြုနိုင်သေးပါဘူး။

ရှေးရိုးဆန်တဲ့ နိုင်ငံရေးသမား ပင်နဲရာဟာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အထိသူ့ရဲ့ ပထမဆုံး သမ္မတ သက်တမ်းမှာ နိုင်ငံရဲ့စီးပွားရေးအလျင်အမြန် တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ချီးကျူးခံခဲ့ရသလို သူသေဆုံးတဲ့နေ့ကို နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေညာထားပြီး လက်တင်အမေရိကန် တဝှမ်းနိုင်ငံရေးအသိုင်းအဝိုင်းက သူ့ကိုဂုဏ်ပြုခဲ့ကြပါတယ်။

ပြည်ပမှာတော့သူဟာ ၂၀၁၀ က အာတာကာမာ သဲကန္တရအောက်မှာ ၆၉ ရက်ကြာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေကို ကယ်ဆယ်ခဲ့တာကြောင့် လူသိများခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၈ ကနေ ပြီးခဲ့တဲ့နှစ်အထိ ကြာမြင့်ခဲ့တဲ့ သူ့ရဲ့ ဒုတိယရာထူးသက်တမ်းမှာ အကြမ်းဖက် လူထုမငြိမ်သက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

သူဟာ ဖေဖော်ဝါရီလတိုင်း မိသားစုနဲ့အားလပ်ရက် သွားရောက်အပမ်းဖြေလေရှိတဲ့ဒေသက ရဟတ်ယာဉ်ပျက်ကျရာ နေရာကနေ သူ့အလောင်းကို ချီလီရေတပ်က ဆယ်ယူခဲ့ရတာဖြစ်ပါတယ်။

လက်ရှိချီလီသမ္မတ ဂါဘရီရယ် ဘောရစ်က ပင်နဲရာကို ဂုဏ်ပြုပြီး သုံးရက်ကြာ ဝမ်းနည်းဖွယ်နေ့ နဲ့ နိုင်ငံတော်ဈာပနပြုလုပ်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ပင်နဲရာ ရုတ်တရက်သေဆုံးသွားတာကြောင့် အံဩဝမ်းနည်းမိကြောင်း ဘရားဇီးသမ္မတ လူလာ ဒါဆေးလ်ဗားက ပြောခဲ့ပြီး အာဂျင်တီးနား သမ္မတဟောင်း မော်ရီစီယို မာကရီကတော့ အစားထိုး မရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဟားဗက်တက္ကသိုလ်ဆင်း စီးပွားရေးပညာရှင် ပင်နဲရာဟာ နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး သမ္မတ မီချဲလီဘာချီလက်ကို ဖယ်ရှားခဲ့ပြီး သူ့ရဲ့ စီးပွားရေးအတွေးအမြင်တွေနဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး လာအောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့သူဖြစ်ပါတယ်။

ချီလီနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ပင်နဲရာဟာ ၁၉၈၀ ပြည့်နှစ်တွေမှာ သူ့ရဲ့ Bancard ကုမ္ပဏီကတဆင့် နိုင်ငံသားတွေအတွက် အကြွေးဝယ်ကဒ်မိတ်ဆက်ချိန်ကစတင် ပြီး ငွေကြေး အများအပြားရရှိခဲ့တာဖြစ်ပါတယ်။

သူဟာ ချီလီနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်း Lan Chile၊နိုင်ငံရဲ့ထိပ်တန်းဘောလုံးကလပ် ဖြစ်တဲ့ Colo Colo အပြင် ရုပ်သံလိုင်းတစ်ခုမှာလည်း ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.