နေပြည်တော်၊ ဖေဖော်ဝါရီ ၁

နောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို တင်းကျပ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းပြီး တစ်နှစ်နီးပါးအကြာမှာပဲ စစ်ကောင်စီက ဖြေလျှော့တာတွေ လုပ်ဆောင်လာပါတယ်။

ဇန်နဝါရီ ၃၀ ရက်နေ့မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ လက်မှတ်ရေးထိုးပြီး ပုဒ်မတချို့ကို ပြင်ဆင်ပြဌာန်းခဲ့တာပါ။

စစ်ကောင်စီပြင်ဆင်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ) အရ ပြည်ထောင် စုတစ်ဝန်းလုံး မှတ်ပုံတင်တဲ့ပါတီဟာ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်တစ်သိန်း စည်းရုံးရမယ့်အ စား ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၉၀ အလိုတဲ့အထိ ပါတီဝင် ၅၀,၀၀၀ ရှိရမယ်လို့ ပြင်ဆင်ခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဘက်က ဥပဒေသတ်မှတ်ချက်တွေကို လျှော့ချပေးလိုက်လည်း နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုတွေကို လုပ်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“သတ်မှတ်ချက်တွေကို လျှော့ချပေးလိုက်တာဆိုပြီးတော့ သူက (စကစ) ရွေးကောက်ပွဲလှုပ်ရှားမှုတွေ ရှိတယ်ဆိုတဲ့အကြောင်းကို ဖော်ပြချင်လို့ပါ။ တကယ်က သူလျှော့ချပေးလိုက်တဲ့ အတိုင်းအ တာအထိလည်း ရွေးကောက်ပွဲလှုပ်ရှားမှုတွေကို နိုင်ငံရေးပါတီတွေက မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲအတွက် သူပြင်ဆင်နေတယ်ဆိုတဲ့ဟန်ပန်ကို တစ်ပြည်လုံးကြေညာနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေ လျှော့ချပေးတာပါ။ ဒီဟာကလည်း သူခါတိုင်းပစ်နေကျ သင်္ကြန်အမြောက်တွေထဲက နောက်ဆုံးပေါ် သင်္ကြန်အမြောက်ပဲလို့ ကျွန်တော်သုံးသပ်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုသုံးနှစ်အတွင်း စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးတွေမှာ အရေးမလှဖြစ်လာနေပြီး နိုင်ငံအနှံ့ထိုးစစ်တွေကြောင့် တပ်အင်အားချိနဲ့မှုနဲ့အတူ မြို့ ပေါင်း ၃၂ မြို့ကိုလည်း လက်လွှတ်ထားရတာပါ။

ဒီအခြေအနေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်ကို မသတ်မှတ်ပေးနိုင်သေးတဲ့အတွက် ပါတီဝင်အင်အားစုစည်းဖို့နဲ့ သတ်မှတ်ရုံးခန်းဖွင့်လှစ်နိုင်ဖို့ အချိန်တိုးပေးပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေပါ ပုဒ်မ ၅ (ဇ) မှာတော့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဟာ တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ရုံးခန်းဖွင့်လှစ်ရမယ့်အစား မြို့နယ်အား လုံးရဲ့ အနည်းဆုံးသုံးပုံတစ်ပုံအဖြစ် ပြင်ဆင်ပြဌာန်းခဲ့တာပါ။

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက အခုလိုလျှော့ပေါ့ပေးလိုက်ရုံနဲ့ ပြည်နယ်အခြေပြု တိုင်းရင်းသားအင်အားကြီးပါတီတွေအတွက် ဘာအခွင့်အ‌ရေးမှ ရလာမယ့် အခြေအနေမရှိဘူးလို့ ပြောပါတယ်။

“ရခိုင်အမျိုးသားပါတီဆိုတာ တစ်နိုင်ငံလုံးကို စည်းရုံးခွင့်ရခဲ့တဲ့ပါတီဖြစ်တယ်။ နစကကောင်စီဥပဒေအရ ပြည်ထောင်စုတဝန်းလုံးကို စည်းရုံးတဲ့ပါတီအဖြစ် ရပ်တည်ဖို့ အခက်အခဲဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အခုပါတီဝင်အင်အား ငါးသောင်း၊ မဲဆန္ဒသုံးပုံတစ်ပုံကို လျှော့ပေးလိုက်ရုံနဲ့ ကျွန် တော်တို့ ပြည်နယ်ကိုအခြေပြုပြီး လှုပ်ရှားတဲ့ တိုင်းရင်းသားအင်အားကြီးပါတီတွေအတွက် ဒီဥပဒေလျှော့ပေးရုံနဲ့ ဘာတစ်ခုမှ အခွင့်အရေးရလာတဲ့အခြေအနေမှာမရှိဘူးလို့ ကျွန်တော်ပြောလိုတယ်” လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီဟာ စစ်ကောင်စီပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပြည်နယ်အဆင့်စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားပြီး အခုထိတော့ ပါတီမှတ်ပုံ တင်မကျသေးပါဘူး။

စစ်ကောင်စီဟာ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့သိမ်းယူဖို့ ကြိုးပမ်းချိန်ကစပြီး ဒီကနေ့အထိ ရှေ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်ဖို့ အမြဲတစေ ကြွေးကြော်နေတာပါ။

နိုင်ငံရေးပါတီတွေကိုလည်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းခဲ့ပါတယ်။

အဲဒီဥပဒေပြဌာန်ပြီး ရက်ပိုင်းအတွင်းမှာပဲ နည်းဥပဒေ ထုတ်ပြန်ပြီး နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေအနေ နဲ့ ရက်ပေါင်း ၆၀ အတွင်း လာရောက်လျှောက်ထားကြဖို့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့တာပါ။

အဲဒီနောက်ပိုင်း ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၀ ကျော်အထိရှိခဲ့ပြီး စစ်ကောင်စီထံ လာရောက်မှတ်ပုံမတင်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်တယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီပြင်ဆင်လိုက်တဲ့ နိုင်ငံရေးပါတီဥပဒေပါ ပုဒ်မ (၁၉) အရ ပြန်လည်မှတ်ပုံမတင်ဘဲ နိုင်ငံ ရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်ပြီလို့ မှတ်ယူခံရတဲ့ ပါတီဟာ ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမယ်လို့ ဆိုပါတယ်။

အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ နိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီထံ ပြန်လည်မှတ်ပုံမတင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီတွေထဲက ၄၅ ပါတီကို နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ချပေးထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.