ပုလော၊ ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ဆယ်အိမ်စုကျေးရွာရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့သွားတဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်း အလစ်ငိုက် တိုက်ခိုက်ခံရပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ဒရုန်းတပ်ဖွဲ့ နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်ခွဲ (၅) ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းက ဆယ်အိမ်စုကျေး ရွာအနီးရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တာပါ။
အဲ့ဒီလို ဒရုန်းနဲ့တိုက်ခိုက်ဖို့အတွက် ရှေ့ပြေးပွိုင့်လွတ်ချိန် စစ်ကောင်စီတပ်ရဲ့ အလစ်ငိုက် တိုက်ခိုက်ခံရတာကြောင့် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ရဲဘော်ဦးဦးနဲ့ KNDO တပ်ခွဲ (၅) မှ ရဲဘော် ပွန်ညာတို့ ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေဟာ အားကိုးရတဲ့ရဲဘော်တွေ ဖြစ်တဲ့အပြင် ကျဆုံးရဲဘော်တွေအတွက် အမြဲတမ်းဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။
ပုလောဒေသတစ်ခုလုံးမှာ မကြာမီကာလအတွင်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းနဲ့ တန်ဖိုးရှိပစ္စည်းတွေကို စနစ်တကျ သိမ်းဆည်းထားဖို့နဲ့ ဗုံးခိုကျင်းတွေတူးထားဖို့ အကြံပြုတိုက်တွန်းထားပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ အကြိမ်း ၅၀၀ ထက်မနည်း ဖြစ်ပွားထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း