ဘန်ကောက်၊ ဇန်နဝါရီ ၂၆

ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဖိထာကို ပြစ်မှုကင်းရှင်းကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်အမတ်အဖြစ် တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိထာဟာ MFP ပါတီကို ဦးဆောင် ပြီး မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်အမတ်အဖြစ်က ဆိုင်းငံ့ခံခဲ့ရ ပြီးနောက် ဝန်ကြီးချုပ်ရာထူးအတွက် တားမြစ်ခံထားရတာပါ။

လွှတ်တော်အမတ်တွေအနေနဲ့ မီဒီယာကုမ္ပဏီတွေမှာ အစုရှယ်ယာ ပိုင်ဆိုင်ခွင့်မရှိဘူးလို့ တားမြစ်ထားတဲ့ ဥပဒေကို ဖိထာက ချိုးဖောက်ခဲ့တာမရှိဘူးလို့  ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးက ၈ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖိထာကိုစွပ်စွဲထားတဲ့ ITV ရုပ်သံလိုင်းရဲ ရှယ်ယာတွေဟာ သူ့အဖေဆုံးပါးသွားပြီးနောက် အမွေရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အရင်အစိုးရရဲ့ အမတ်တွေက ဒီကိစ္စကို ဖော်ထုတ်ခဲ့တာပါ။

ရွေးကောက်ပွဲအတွက် ဖိထာရဲ့ပါတီအမည်စာရင်တင်သွင်းချိန်မှာ ITV ရုပ်သံလိုင်းဟာ မီဒီယာကုမ္ပဏီတစ်ခုအနေနဲ့ လည်ပတ်နေတာမဟုတ်ဘူးလို့ တရားသူကြီး ပွန်ယာသူချာချွန်က ပြောပါတယ်။

တရားရုံးမှာ ပါတီအမှတ်အသားဖြစ်တဲ့ လိမ္မော်ရောင် အင်္ကျီဝတ်ဆင်ထားတဲ့ ထောက်ခံသူတွေဟာ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက်ပိုင်း ဝန်ကြီးချုပ်ဖိထာလို့ ကြွေးကြော်အောင်ပွဲခံခဲ့ကြသလို ဖိထာအနေနဲ့ လွှတ်တော်ကို အမြန်ဆုံးဝင်ရောက်မယ်လို့ ပြောခဲ့ပြီး အချိန်အတိအကျကိုတော့ ပြောခဲ့တာ မရှိပါဘူး။

ဖိထာအနေနဲ့ ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် ထပ်မံကြိုးပမ်းသွားဦးမှာဖြစ်တယ်လို့ အရင်တည်းက ပြောဆိုထားပြီး လက်မလျှော့သေးဘူးလို့ ဆိုထားသလို ရွေးကောက်ပွဲကတိကဝတ်အဖြစ် တော်ဝင်မိသားစုကို အသရေဖျက်မှုဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကတိပြုထားပါတယ်။

ဒါ့အပြင် ပါတီအနေနဲ့ စစ်တပ်က နိုင်ငံအပေါ်ဩဇာလွှမ်းမိုးထားတဲ့အခြေအနေကို ပြောင်းလဲပစ် ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ဆိုထားတဲ့အတွက် ဖိထာ ဝန်ကြီးချုပ်ဖြစ်မလာအောင် စစ်အစိုးရလက်ထက်က လွှတ်တော်အမတ်တွေက တားဆီးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.