ဒူဘိုင်း၊ ဇန်နဝါရီ ၂၄
ယီမင်နိုင်ငံမှာ နိုင်ငံရေးအရလုပ်ကြံသတ်ဖြတ်မှုတွေအတွက် အာရပ်ဆော်ဘွားများပြည်ထောင်စု UAE နိုင်ငံက ရန်ပုံငွေ စိုက်ထူပေးခဲ့တယ်လို့ ဘီဘီစီသတင်းဌာနရဲ့ စုံစမ်းဖော်ပြချက်အရ သိရပါတယ်။
ယူအေအီးရဲ့လုပ်ရပ်ကြောင့် ယီမင်အစိုးရနဲ့ စစ်ခင်းနေတဲ့အဖွဲ့တွေပါဝင်နေတဲ့ ပဋိပက္ခတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က ပင်လယ်နီကိုဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေ ကို တိုက်ခိုက်နေတဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိနေတာပါ။
ယီမင်နိုင်ငံရှိ ယူအေအီး အရာရှိတွေကို အမေရိကန်ကြေးစားစစ်သားတွေ သင်ပေးနေတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းလမ်းတွေကို နိုင်ငံရေးဆိုင်ရာ လုပ်ကြံသတ်ဖြတ်မှုတွေ ပြုလုပ်ရေး ဒေသခံတွေကို လူမသိသူမသိ လှုပ်ရှားနိုင်အောင် ယူအေအီးအရာရှိတွေကတဆင့် ပြန်လည်ပို့ချ ပေးနေတာဖြစ်ပါတယ်။
အမေရိကန်ကြေးစား စစ်သားတွေက ယီမင်တောင်ပိုင်းရှိ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ်အဖွဲ့တို့ကို ရှင်းလင်းသုတ်သင်ဖို့ ရည်မှန်းထားတယ်လို့ ပြောထားပေမယ် ယူအေအီးကတော့ ယီမင်မှာရှိတဲ့ ဟူသီအဖွဲ့နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ အသုံးချဖို့ အယ်လ်ကိုင်ဒါအဖွဲ့ဝင်တွေကို ခေါ်ယူစုဆောင်းနေတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ယူအေအီးကတော့ ဘီဘီစီရဲ့ ဖော်ပြချက်တွေကို ငြင်းဆိုထားပြီး မှားယင်းတဲ့ ဖော်ပြချက်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။
ယီမင်မှာ သုံးနှစ်တာကာလအတွင်း လုပ်ကြံသတ်ဖြတ်မှုပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီလုပ်ရပ်ကြောင့် ယီမင်နိုင်ငံရဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အစိုးရအဖွဲ့ အာဏာပြန်လည်ရရှိရေး အနှောင့်အယှက်ဖြစ်လာနိုင်သလို ဟူသီအဖွဲ့ကိုလည်း တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
နိုင်ငံရဲ့ဒေသအများအပြားကိုသိမ်းပိုက်ပြီး စင်ပြိုင်အစိုးရထူထောင်ထားတဲ့ ဟူသီအဖွဲ့ကို တိုက်ခိုက်ရေး ဆော်ဒီဦးဆောင်တဲ့ အာရပ်နိုင်ငံတွေစုပေါင်းထားတဲ့ ညွှန့်ပေါင်းအဖွဲ့ကို အမေရိကန်နဲ့ ဗြိတိန်တို့က ထောက်ခံအားပေးနေတာပါ။
ယူအေအီးက ယီမင်မှာ လုပ်ကြံသတ်ဖြတ်မှုတွေ ပြုလုပ်ရေးဌားရမ်းထားသူတွေထဲမှာ အမေရိကန်နိုင်ငံသားတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
Ref:BBC