ဟိုပုံး – ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ် စံဖူးရွာအနီးမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLO/PNLA နဲ့ စစ်ကောင်စီရဲ့ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို ညှိနှိုင်းပြီး သဘောတူညီမှုရရှိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ညပိုင်းက PNLO တပ်ဖွဲ့ဝင်တွေ လက်နက်သယ်ဆောင်လာတဲ့ ယာဉ်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ တာပါ။
စစ်ကောင်စီက PNLO အဖွဲ့ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် ညှိနှိုင်းခဲ့တာကြောင့် အပစ်ရပ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုထားပါတယ်။
PNLO သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီလက်အောက်ခံတွေ စတင်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မနေ့က မနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ လက်နက်တွေသယ်ယူလာတဲ့ ယာဉ်တွေကို PNLO တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ယာဉ်ပေါ်ပါ လက်နက်တွေပေါက်ကွဲပြီး စံဖူးရွာက ဒေသခံတွေရဲ့ နေအိမ် ၂၇ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီက PNLO တပ်ဖွဲ့တာဝန်ရှိသူတချို့ကို ခေါ်ယူထိန်းသိမ်း စစ်ဆေးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် သတင်းမှားဖြစ်တယ်လို့ PNLO တာဝန်ရှိသူ တွေက ငြင်းဆိုထားပါတယ်။
မီးလောင်ပျက်စီးနေတဲ့ ယာဉ်တွေကို စစ်ဆေးခဲ့ချိန်မှာတော့ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှေ့တိုက်ဒုံး ၆ လုံးနဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ယာဉ်ကို မီးရှို့ခဲ့ရတဲ့အကြောင်းကို မသိရသေးဘဲ အဖွဲ့အတွင်း ချိတ်ဆက်မေးမြန်း နေဆဲဖြစ်တယ်လို့ PNLO ဘက်က အသိပေးထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလလည်ပိုင်းက PNLO အဖွဲ့ဟာ တနိုင်ငံပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သလို စစ်အာဏာသိမ်းပြီးချိန်မှာ လည်း NCA အတိုင်းဆက်သွားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI