ဂန့်ဂေါ – ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ဂန့်ဂေါခရိုင် ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က အနောက်ဂန့်ဂေါကျေးရွာကို လက်နက်ကြီး ကျရောက်ခဲ့ပြီး သားအမိနှစ်ဦးသေဆုံးခဲ့ကာ ထီးလင်းမြို့နယ် တောရောင်းရွာမှာလည်း ဇန်နဝါရီလ ၂၁ ရက်နေ့ က ကျရောက်တဲ့ လက်နက်ကြီးကြောင့် သားအဖနှစ်ဦးသေဆုံးခဲ့ရတာပါ။

“စစ်ကောင်စီက ရမ်းသမ်းပစ်ပြီး လူနေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲတာ။ ဂန့်ဂေါမှာတော့ မိုင်းဆွဲခံရလို့ အကျဆုံးများပြီး ၁၂၀ မမတွေနဲ့ ရမ်းပစ်တာကနေ ပြည်သူတွေသေကြေပျက်စီး ရတာ”လို့ ဂန့်ဂေါမြို့နယ် ဒေသသခံတစ်ဦးက ပြောပါတယ်။

ဂန့်ဂေါမြို့ မြစ်သားတမံပေါ်ကနေ မြို့ထဲတပ်ပြန်ဆုတ်လာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းကို ဇန်နဝါရီလ ၁၉ ရက်နေက ဂန့်ဂေါခရိုင်ကာကွယ်ရေးတပ်တွေဖြစ်တဲ့ FRF-Gangaw၊YPDF၊ KKG နဲ့ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီ ဘက်က ၇ ဦးသေဆုံးထားပါတယ်။

တိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာ ဂန့်ဂေါမြို့နယ် အရှေ့တောင်ဘက် ယန္တရားကုန်း ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ ၁၀ လသား အရွယ် ကလေးတစ်ဦးသေဆုံးကာ အသက် ၆၀ နဲ့ ၈၀ ကျော် အရွယ်အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်းကလည်း ထီးလင်းမြို့နယ် ရွှေထီးခန်းမက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် တောရောင်းကျေးရွာက သားအဖ ၂ ဦးသေဆုံးကာ နောက်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ လက်နက်ကိုင်ခုခံတော်လှန်စစ် အားကောင်းတဲ့ ဂန့်ဂေါခရိုင်အတွင်းကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေထိခိုက်သေဆုံး မှုများပြားနေတာပါ။ 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး မကွေးတိုင်းမှာ စစ်ကောင်စီကြောင့် အရပ်သား သေဆုံးမှု ၃၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP မှာဖော်ပြထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.