မော်စကို၊ ဇန်နဝါရီ ၂၁

ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ပူတင်ရဲ့တပ်တွေကိုတိုက်ခိုက်ဖို့ ရုရှားနိုင်ငံသား စေတနာ့ဝန်ထမ်း တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်း စစ်တပ်နဲ့ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ်။

သူတို့ဟာ ရုရှားတပ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ပြီးခဲ့တဲ့နွေရာသီက ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့သစ် ဖြစ်ပြီး ယူကရိန်းစစ်တပ်ရဲ့ တရားဝင်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆိုက်ဘေးရီးယားတပ်ရင်းနဲ့ ပူးပေါင်းထားတာပါ။

တပ်ဖွဲ့ဝင်အများစုဟာ ရုရှားအရှေ့ဖက်စွန်းက လူနည်းစုဝင် လူမျိုးတွေဖြစ်သလို ယူကရိန်းကို ရုရှားရဲ့ အင်အားပြည့် ကျူးကျော်တိုက်ခိုက်ချိန်မှာ ရုရှားကထွက်လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဘက်ပြောင်းလာတဲ့ ရုရှားနိုင်ငံသားအများစုဟာ ဂျော်ဂျီယာနိုင်ငံကို ပြောင်းရွှေ့ပြီးနောက် ယူကရိန်းနိုင်ငံထဲကို ဝင်ရောက်လာသူတွေဖြစ်တယ်လို့ သိရပြီး သူတို့တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်လို့ သိရပါတယ်။

သူတို့တပ်ဖွဲ့မှာ တပ်ဖွဲ့ဝင်အင်အား ၆၀ ကျော်ပါဝင်ပြီး ယူကရိန်းစစ်တပ်က လက်မခံခင် နောက်ကြောင်းရာဇဝင်တွေနဲ့ လုံခြုံရေးအခြေအနေတွေကို စစ်ဆေးခံထားရတာပါ။

ဆိုက်ဘေးရီးယား တိုင်းရင်းသားအများစုပါဝင်တဲ့သူတို့တပ်ဖွဲ့ဟာ ဆိုက်ဘေးရီးယားကို ရုရှားရဲ့ နိုင်ငံရေးအရ ထိန်းချုပ်ထားတာကို မကျေနပ်သူတွေဖြစ်တယ်လို့သိရပြီး ဒီတပ်ဖွဲ့ထဲကိုခွင့်ရဖို့ အတွက် သူတို့ရဲ့ ဇနီးနဲ့သားသမီးတွေကို ထားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီတပ်ဖွဲ့က ပူတင်မရှိတော့ရင် စစ်ပွဲရှိလာတော့မှာမဟုတ်ဘူးလို့ ယုံကြည်နေသူတွေဖြစ်ပြီး ပူတင်အစိုးရကို ဖြုတ်ချဖို့အတွက် ယူကရိန်းဘက်က ဝင်ရောက်တိုက်ခိုက်ပေးရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးလို့လည်း ဆိုထားကြတာပါ။

ယူကရိန်းကတော့ သူတို့စစ်တပ်နဲ့လာရောက်ပူးပေါင်းဖို့ ရုရှားစစ်သား ရာနဲ့ချီရှိနေတယ်လို့ စစ်ဘက်ဆိုင်ရာအရာရှိတွေက အသိပေးထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.