လောင်းလုံး၊ ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားမယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကျေးရွာထဲ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွက လိုက် လံပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အောက်ကျောက်ဝပ်ကျေးရွာသား အသက် ၄၀ အရွယ် ဦးကျော်နိုင်ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။
သေဆုံးသွားတဲ့ ဦးကျော်နိုင်ဟာ ဇနီးဖြစ်သူနဲ့ သမီးငယ် ၂ ဦး ကျန်ရှိခဲ့ပြီး အလောင်းကိုတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းပြန်ထွက်သွားတဲ့ အဲဒီနေ့ညနေပိုင်းမှာ ဒေသခံတွေ မီးသဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အောက်ကျောက်ဝပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း စစ်ပြဲရွာအထွက်မှာ အမျိုးသား ၁ ဦးကို ခေါင်းဖြတ်သတ်ဖြတ်သွားသေးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လောင်းလုံးမြို့နယ်ထဲမှာ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ကျေးရွာပေါင်း ၇ ရွာက ဒေသခံနေအိမ် ၁၅၀ နီးပါးကို မီးရှို့ဖျက်ဆီးထားတာ ဖြစ်ပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း အရပ်သား ၂၆၇ ဦး သတ်ဖြတ်ခံထားရတယ်လို့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ အစီ ရင်ခံစာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media