ကျိုက်မရော၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်ဟာ နှစ်လကြာတဲ့အထိ နေရပ်မပြန်နိုင်သေးသလို စားနပ်ရိက္ခာနဲ့ဆေးဝါး အကူအညီလိုအပ်မှု မြင့်တက်လာတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီရဲ့ ချောင်းခွနယ်မြေရဲစခန်းနဲ့တံတားဂိတ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
ရက်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ချောင်းနှစ်ခွဒေသတစ်ခုလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ရှောင်ပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။
စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်က ချောင်းနှစ်ခွရဲစခန်းအတွင်း ပြန်လည်တပ်စွဲနေထိုင်နေတာ၊ တောင်ကလေးအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတချို့မှာ ဆက်လက်တပ်စွဲထားတဲ့အတွက် နေရပ်ပြန်ဖို့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ရှောင်နေ့ရက်ရှည်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ဆေးဝါး အကူအညီလိုအပ်မှု မြင့်တက်လာသလို လူဦးရေထောင်ချီ ဖျားနာတာနဲ့ နှားစေး၊ချောင်းဆိုးရောဂါတွေ ခံစားနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရှောင်ပြည်သူတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချောင်းနှစ်ခွ၊ တောင်းကလေး၊ မယ်တရိုနဲ့ လှကဇိုင်းကျေးရွာတွေက နေအိမ် ၁၀၀၀ ထက်မနည်း ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတာပါ။
ချောင်းနှစ်ခွတိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ လှကဇိုင်း၊ ကော့ဒူး၊ ကော့ပနော၊ မယ်တရို၊ တောင်ကလေးအပါအဝင်ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၀၀၀၀ ကျော်ဟာ ကျိူက်မရော၊မော်လမြိုင်နဲ့ မုဒုံမြို့အပါအဝင် ဘေးလွတ်ရာ နေရာတွေမှာ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ