တောင်ငူ၊ ဇန်နဝါရီ ၁၂ 

စစ်ရေးတင်းမာမှုအခြေအနေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ KNU တပ်မဟာ ၂ တောင်ငူခရိုင် ကယားပြုံးချောင်းရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က စစ်ကောင်စီတပ်ဟာ တောင်ငူ-သံတောင် ၁၃ မိုင်ကားလမ်း ၅ မိုင်အနားမှာရှိတဲ့ ကယားပြုံးချောင်းကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ ကျေးရွာထဲက ဒေသခံစစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၁၇ လုံး မီးရှို့ဖျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။ 

တပ်အင်အား ၇၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကယားပြုံးချောင်းရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက် ကျေးရွာကနေ ပြန်အထွက်မှာ KNLA PDF ပူးပေါင်းအဖွဲ့က စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာကနေ ၃ နာရီကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ဦးခန့် သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး နောက်ရက်တွေမှာ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

ကယားပြုံးချောင်းကျေးရွာထဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် KNLA PDF ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ကယားပြုံးချောင်းနဲ့ ရှမ်းပြုံးချောင်းကျေးရွာတွေက နေအိမ်အလုံးပေါင်း ၂၅ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်း၊ ရေတွင်းကုန်းစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ၂ လကြာလာတဲ့ ဒီနေ့အချိန်အထိ နေရပ်ကို မပြန်လာနိုင်ကြသေးဘူးလို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.