မော်လမြိုင် – ဇန်နဝါရီ ၁၂
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့တဲ့ အတွက် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာပါ။
မှတ်တမ်းရုပ်ရှင်ရိုက်ကူးခြင်း၊ သတင်းရေးသားတင်ဆက်ခြင်းဟာ သတင်းမီဒီယာကျင့်ဝတ်အရ ဖြစ်စေ၊ နိုင်ငံတကာဥပဒေ၊တည်ဆဲဥပဒေတွေအရဖြစ်စေ ပြည်သူတို့ရဲ့ သတင်းရယူသိပိုင်ခွင့်ကို တရားဝင်လုပ်ဆောင်တာဖြစ်တယ်လို့ IPCM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ပြစ်မှုဘာမှမရှိဘဲ အရေးယူဆောင်ရွက်မှုတွေက လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ သတင်းမှတ်တမ်းရယူခွင့်တွေကို ထိပါးနှောင့်ယှက်တာဖြစ်ပြီး ခြိမ်းခြောက်မှုအကြီးဆုံးဖြစ်တယ် ဒီအလုပ်တွေက ရာဇဝတ်မှုကျူးလွန်တာလည်းမဟုတ်ဘူး”လို့ IPCM ဥက္ကဋ္ဌ နန်းဖော့ဂေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် လွတ်လပ်စွာသတင်းရယူတင်ဆက်တာကို ဟန့်တားမှုဖြစ်စေတဲ့အတွက် မတရားဖမ်း ဆီးခံထားရတဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း သူက တောင်းဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဖမ်းဆီးထားတဲ့ သတင်းသမားတွေ လွတ်မြောက်ရေးနဲ့ တရားဝင်မီဒီယာလုပ်ငန်းတွေ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးအတွက် မြန်မာသတင်း မီဒီယာကောင်စီက အဓိက ဦးစားပေးဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာ ဖမ်းဆီးခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်တဲ့ ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီ က အကျဉ်းသား ၉၆၅၂ ဦးကို လွှတ်ပေးခဲ့ပေမယ့် ကိုကောင်းဆက်လင်း၊ ကိုထွန်းသန်းအောင်နဲ့ ကိုတိုးအောင် စတဲ့ သတင်းသမား ၃ ဦးသာ ပါဝင်ထားပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလက စပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက သတင်းသမား ၁၇၀ ကိုဖမ်း ဆီးထားပြီး အဲဒီထဲက ၁၁၈ ဦးပြန်လည် လွတ်မြောက်လာခဲ့တဲ့အတွက် ၅၂ ဦးဟာ အကျဉ်းထောင် အသီးသီးမှာ ထောင်ဒဏ်ကျခံနေရဆဲဖြစ်တယ်လို့ IPCM က အသိပေးထားပါ တယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media