ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၂
မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကနေ ထိပ်ပိုင်းခေါင်းဆောင်တွေကို အပြောင်းအလဲမရှိဘဲ အတည်ပြု ရွေးချယ်ပြီးစီးသွားပြီလို့ မွန်ပြည်သစ်သတင်းစဉ်က ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ပါတီရဲ့ ဗဟိုဥက္ကဌအဖြစ် နိုင်ဟံသာ၊ ဒုတိယ ဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှတို့ ဖြစ်ကြပြီး ကျန်ရှိတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေလည်း အပြောင်းအလဲမရှိခဲ့ပါဘူး။
မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်ကို ပြီးခဲ့တဲ့ ညီလာခံမှာ အဖွဲ့ဝင် ၉ ဦး ရှိခဲ့ရာကနေ အခုညီလာခံမှာတော့ နောက်ထပ် နှစ်ဦး ထပ်တိုးရွေးချယ်ခဲ့ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညားချမ်းနွန်နဲ့ မိစားတားတို့ ပါဝင်လာတာပါ။
ဒါ့အပြင် ဗဟိုစစ်ကော်မတီဝင် ၇ ဦးထဲမှာ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဗညားချမ်းနွန်နဲ့ တွဲဘက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးချုပ် ဟံသာတို့ ရွေးချယ်ခံထားရပါတယ်။
ပါတီရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်နိုင်ဖို့ ဗဟိုကော်မတီဝင် ၃၅ ဦးနဲ့ အရန်ဗဟိုကော်မတီဝင် ၆ ဦး စုစုပေါင်း ၄၁ ဦးကို ရွေးချယ်ခဲ့ပြီး အဲဒီကနေတဆင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ ဦးနဲ့ ဗဟိုစစ်ကော်မတီဝင် ၇ ဦး တို့ကို အတည်ပြုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ ဗဟိုကော်မတီဝင် ၄၁ ဦးဟာ ပါတီညီလာခံတွေကနေ ချမှတ်ထားတဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တိုင်းနဲ့ လုပ်ငန်းအစီအစဉ်အမျိုးမျိုးကို အကောင်အထည်ဖော်ရာမှာ တာဝန်ခံတဲ့ အဖွဲ့ဖြစ်တယ်လို့ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။
မွန်ပြည်သစ်ပါတီ ညီလာခံကို ဌာနချုပ်ရှိရာ ရေးချောင်းဖျားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အခုအခါမှာ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အတည်ပြုခဲ့ပေမယ့် လက်ရှိနိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းအပေါ် ပါတီရဲ့ ရပ်တည်ချက်မူကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP