မော်လမြိုင်၊ ဇန်နဝါရီ ၁၂
မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်မှာ စစ်တပ်အာဏာသိမ်းထားတဲ့ အခုပညာသင်နှစ်အတွင်း ကျောင်းတက်ရောက်မှုနှုန်း စံချိန်တင်ကျဆင်းမှုနဲ့ ကြုံနေရတယ်လို့ Non CDM ဝန်ထမ်း အသိုင်း အဝိုင်းကနေ စုံစမ်းသိရှိရ ပါတယ်။
ပြီးခဲ့တဲ့ ပညာသင်နှစ်က ကျောင်းတက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ၄၀,၀၀၀ ကျော်အထိ ရှိခဲ့ပေမယ့် အခုပညာသင်နှစ်မှာတော့ ကျောင်းသူ၊ကျောင်းသား ၇၀၀၀ လောက်သာ ကျောင်းပြန်အပ်နှံလာတယ်လို့ သိရပါတယ်။
အခုပညာသင်နှစ်ရဲ့ တက္ကသိုလ်ကျောင်းအပ်နှံမှုကာလကို ပြီးခဲ့တဲ့နိုဝင်ဘာလကနေ စတင်လက်ခံခဲ့တာဖြစ်ပြီး နောက်ဆုံးကျောင်းအပ်နှံရေးကာလဖြစ်တဲ့ ဒီဇင်ဘာလကုန်အထိ သတ်မှတ်ခဲ့တာပါ။
အဲဒီကာလအတွင်း မေဂျာပေါင်းစုံက ကျောင်းသူ၊ ကျောင်းသား ၇၀၀၀ လောက်သာ ကျောင်းအပ်နှံခဲ့တဲ့အတွက် ပြီးခဲ့တဲ့ပညာသင်နှစ်နဲ့နှိုင်းယှဉ်ရင် ကျောင်းတက်သူ ၃၀,၀၀၀ ကျော်အထိ စံချိန်တင်ကျဆင်းမှု ဖြစ်ပေါ်ခဲ့တာပါ။
ကျောင်းတက်ရောက်သူ နည်းပါးလာတာဟာ စစ်ကောင်စီလက်ထက် မိသားစုစားဝတ်နေရေး အ ခက်အခဲတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်မှုနှုန်း မြင့်တက်လာတာ၊ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတာ၊ ငွေကြေးမတက်နိုင်တဲ့အတွက် ပညာသင်ယူခွင့် ဆုံးရှုံးလာတာ ဖြစ်ပါတယ်။
“ကျောင်းသူ၊ ကျောင်းသားတွေက ကျွန်တော်တို့ (CDM) ဘက်ကို ရောက်နေလားလို့ မေးရင်လည်းမရှိနေဘူး။ ကျွန်တော်ထင်တာတော့ ပြည်ပပဲပေါ့။ စားဖို့သောက်ဖို့အတွက် ပြည်ပဒါမှမဟုတ် ပြည် တွင်းမှာပဲ ရုန်းကန်စားသောက်နေကြရတာ၊ ပြည်ပကိုပဲ အလျှိုအလျှို ထွက်ကုန်ကြပြီး ထင်ပါတယ်၊ ကျွန်တော်ထင်တာတော့ တကယ်ရှိမနေဘူး၊ ကျောင်းသူကျောင်းသားတွေ ပညာရေး နယ် ပယ်ထဲမှာ ရှိမနေဘူး”လို့ CDM တက္ကသိုလ်ဆရာတစ်ဦး ပြောပါတယ်။
ဒါ့အပြင် လက်ရှိအခြေအနေကို ကြည့်ချင်းအားဖြင့် စစ်ကောင်စီလက်ထက်မှာ ပညာသင်ယူနိုင်မှု လုံးဝကျဆင်းလာတာကို တွေ့မြင်နိုင်သလို မြန်မာ့ပညာရေးစနစ်ဟာဆိုရင် လုံးဝပြိုလဲသွားတဲ့ အ နေအထားဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ကျောင်းအပ်နှံမှုတွေ လျော့ကျခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်က စာသင်ကြားတဲ့နေရာမှာ စာသင်ခန်း တစ်ခန်းကို ကျောင်းသား ကျောင်းသူပေါင်း ရာနဲ့ချီရှိခဲ့ရာမှ လက်ရှိမှာတော့ စာသင်ခန်းတစ်ခန်းကို ကျောင်းသား၊ ကျောင်းသူ ၄၀ ဝန်းကျင်လောက်သာ ရှိတော့တယ်လို့ Non-CDM ဝန်ထမ်း အသိုင်း အဝိုင်းမှ သိရပါတယ်။
မော်လမြိုင်တက္ကသိုလ်မှာတော့ ဘာသာရပ်ပိုင်းဆိုင်ရာ သင်းကြားပေးနေတဲ့ မေဂျာပေါင်း ၁၇ ခု ရှိပြီး စစ်ကောင်စီ အာဏာမသိမ်းခင်က နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူတက်ရောက်မှု သောင်းနဲ့ချီရှိခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ဆိုရင်လည်း ရက်အကန့်အသတ်မရှိ ပိတ်ထားရတာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး မျိုးဆက်သစ်ကလေးသူငယ်တွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှု အန္တရာယ်ရှိလာပြီလို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။
ပညာရေးကဏ္ဍစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ECW ကလည်း မြန်မာနိုင်ငံက ကလေးငယ် ၁၇ သန်းဟာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခအကျိုးဆက်တွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ ပြီးခဲ့တဲနှစ်ဆန်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT