ကျိုက်ထို၊ ဇန်နဝါရီ ၁၂

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ စစ်တပ်ပိုင် အင်းဝဘဏ်လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အင်းဝဘဏ်လုံခြုံရေးအဖွဲ့ကို ဒီနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ကားတစ်စီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေဆုံးပြီး သေနတ်တစ်လက် ကိုပါ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အတွက် ကျိုက်ထိုပြည်သူ့ဆေးရုံထံ ပို့ဆောင်ကုသပေးထားပါတယ်။

ပစ်ခတ်မှုပြီးနောက် နာရီပိုင်းကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့တွင်းပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ညနေပိုင်းမှာတော့ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြပြီလို့ သိရပါတယ်။

အင်းဝဘဏ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကျိုက်ထိုအခြေစိုက် တော်လှန်ရေးအင်အားစုပူးပေါင်း တပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၆ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့ရှိ စစ်တပ်ပိုင် မြဝတီဘဏ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဘဏ်ဝန်ထမ်းတစ်ဦး သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.