မော်လမြိုင် ၊ ဇန်နဝါရီ ၄

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ထို့ကော်ကိုးလမ်းပိုင်းမှာ လမ်းကြေးတွေ အဆမတန် ကောက်ခံနေတာ ကြောင့် ဒေသတွင်းမှာ အသုံးပြုနေတဲ့ ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ အာရှလမ်းမကြီးတည်ရှိရာ ကော့က ရိတ်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန် နေတဲ့အတွက် လမ်းအသုံးပြုခွင့် ကန့်သတ်ထားတာပါ။

အာရှလမ်းမကြီး သွားလာခွင့်ကန့်သတ်ခံရတာကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် မြဝတီ-ကော့ကရိတ် ထို့ကော်ကိုးလမ်းပိုင်းကို ပြန်လည်အသုံးပြုနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထို့ကော်ကိုးလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းကြေးကောက်ခံရေးဂိတ်တွေမှာ ငွေကြေး အဆမတန်ကောက်ခံမှုတွေ ရှိလာတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုတွေ ကြီးမား လာခဲ့တာပါ။

နယ်စပ်ကုန်သည်တစ်ဦးက ထို့ကော်ကိုးလမ်းပိုင်ရှိ ရှိသမျှ ဂိတ်တိုင်းလိုလို ငွေကြေးဆောင်ပြီးမှ သွားလာရတာ၊ ဘတ်ဈေးနှုန်းမြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထပ်မံ ကြီးမြင့်လာတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ထို့ကော်ကိုးလမ်းမှာ ရှိသမျှဂိတ်တွေ အကုန်လုံးက ပိုက်ဆံရလို့ ဖွင့်ထားကြတာ။ ရှိသမျှ ဂိတ်တွေ အကုန်လုံး ကို ပိုက်ဆံပေးပြီးတော့ပဲ သွားနေရတာပေါ့။ ဂိတ်တွေများတော့ ပိုက်ဆံက ပိုတက်တာပေါ့။ ဂိတ်ကြေးတော့ တက်တာပေါ့။ အဲဒီလိုဖြစ်နေတယ်။ လူတွေက စက်သုံးဆီတွေကမရဘူး။ လမ်းကြောင်းတွေက မကောင်း၊ ဘတ်ဈေးလည်း တက်တယ်။ ပို့ဆောင်ရေးကလည်း အဆင်မပြေတဲ့အခါကျတော့ အကုန်လုံး ဈေးတက်တာ ပေါ့”လို့ သူက ဆိုပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းမှာ ဂိတ်ကြေးအဖြစ် အိမ်စီးကားတစ်စီးလျှင် အဆင်းတခြမ်းတည်းကိုပဲ ကျပ် တစ်သိန်း ကျော် ပေးဆောင်ရသလို ကုန်တင်လာတဲ့ ကားတစ်စီးကို အနည်းဆုံး ကျပ်သုံးသိန်းဝန်းကျင်လောက်အထိ ကုန်ကျနေရတယ်လို့ နယ်စပ်ကုန်သည်တွေထံ သိရပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းဟာ ကရင်ငြိမ်းချမ်းရေးကောင်စီ PC ရဲ့ ထိန်းချုပ်နယ်မြေမှာ တည်ရှိတာဖြစ်ပေမယ့် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၊ စစ်ကောင်စီ လက် အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ PC တို့ရဲ့ စစ်ဆေးရေးဂိတ်နဲ့လမ်းကြေးကောက်ခံရေးဂိတ်တွေ ရှိနေတာပါ။

အဲဒီထို့ကော်ကိုးလမ်းပိုင်းမှာ အခုနောက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ဘက်က လမ်းကြေးကောက်ခံရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ထားတယ်လို့ နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အ ရ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးကောင်စီ PC အတွင်းရေးမှူး ဗိုလ်မှူးစောကျော်ညွန့်ကတော့ ထို့ကော်ကိုးလမ်းပိုင်း အသုံးပြုမှု တွေအတွက် ပြန်လည်ပြုပြင်ဖို့ လမ်းကြေးကောက်ခံရေးဂိတ်တွေ ဖွင့်လှစ်ထားပေမယ့် တရားဝင်ခွင့်ပြုထားတာ နှစ်ဂိတ်သာရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ဒေသခံပြည်သူလူထုတွေရဲ့ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေဖို့ရယ်၊ ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှု အတိုင်းအတာတစ်ခုအထိ အကျိုးဖြစ်ထွန်းစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လက် နက်ကိုင်အဖွဲ့ လေးဖွဲ့လုံး စုပေါင်းနေထိုင်ကြတဲ့ ဒေသဖြစ်တော့၊ ဂိတ်ကြေးကောက်တာတို့ဘာတို့ လုံးဝ မရှိဘူး လို့လည်း ပြောဖို့ကလည်း အခက်အခဲရှိတယ်။ ကျွန်တော်တို့ရဲ့ လမ်းထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ ဂိတ် နှစ်ဂိတ်ပဲ ဖွင့်ထားတာရှိပါတယ်”လို့ ဆိုပါတယ်။

ထို့ကော်ကိုးလမ်းပိုင်းမှာ လမ်းကြေးကောက်ခံရေးဂိတ်တွေ တိုးလာတာ၊ ငွေကြေးအဆမတန် တောင်းခံမှုတွေ ကြောင့် ထိုင်းကုန်ပစ္စည်းတွေဟာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းမှာ ၁၀ ဘီးယာဉ်နဲ့အထက် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာမှုတွေကြောင့် လမ်းပိုင်းပျက်စီးမှုတွေ ရှိလာတဲ့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကန့်သတ်ယာဉ်တွေကို သွားလာခွင့် ပိတ် ပင်ထားတယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ PC က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

လမ်းပိုင်းအခက်အခဲကြောင့် ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ခံရတဲ့အတွက် ကုန်သည် တွေဟာ အိမ်စီးကားအပါအဝင် မှန်လုံယာဉ်ငယ်တချို့နဲ့ ကုန်သွယ်မှုတွေ လုပ်ဆောင်နေတာကြောင့် သယ်ယူ ပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေရတာပါ။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံး ကုန်နဲ့ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို ဒေသတွင်းမှာ အဓိက အသုံးပြုနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.